နေပြည်တော်  မတ် ၂၉

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ စံချိန်စံညွှန်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရေးနှင့် အမျိုးသားအဆင့်အရည်အသွေး အခြေခံ အဆောက်အအုံဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့တွင် အဆိုပါအသင်းချုပ်ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထောင်စု သမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် လျှပ်စစ်နှင့် အီလက်ထရောနစ်ကဏ္ဍ၊ မော်တော်ယာဉ်ကဏ္ဍနှင့် စီမံခန့်ခွဲမှုစနစ်ကဏ္ဍ မြန်မာစံချိန်စံညွှန်းတို့၏ နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက် အနှစ်ချုပ်ကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် နားလည်သိမြင်၍ လက်တွေ့ကျကျ အသုံးချနိုင်ရန်အတွက် အဆိုပါ စံချိန်စံညွှန်းများကို ရေးဆွဲထားသည့် သက်ဆိုင်ရာ နည်းပညာဆပ်ကော်မတီဥက္ကဋ္ဌများက ရှင်းလင်း ဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်သည် နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက် တစ်ခုဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် မိမိတို့၏ ထုတ်ကုန်ထုတ်လုပ်မှု နည်းစဉ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် စံချိန်စံညွှန်း များနှင့်ကိုက်ညီစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ထုတ်ကုန်ကဏ္ဍ အရည်အသွေးမြင့်မားစွာ ထုတ်လုပ် နိုင်မည်ဖြစ်သည်။

 

ထို့ပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး မိမိတို့၏ထုတ်ကုန်များကို အရည်အသွေး ပြည့်ဝစွာထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းစားသုံးသူ၊ သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးပြည့်ဝသည့် ကုန်ပစ္စည်းများကိုလည်း နိုင်ငံတကာသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားငွေ ရရှိခြင်း၊ ဈေးကွက်ထိုးဖောက်နိုင်ခြင်း၊ နိုင်ငံတကာနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)