နေပြည်တော် မတ် ၂၉
ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးကောင်းမွန် စေရေးအတွက် ရည်ရွယ်ကျင်းပသည့် ပညာရေးညီလာခံကို ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်း၍ နေပြည်တော်၌ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်အနက်မှ လူမှုရေးဦး တည်ချက်တစ်ရပ်ဖြစ်သည့် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည် ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံ ပညာရေး ကဏ္ဍမြှင့်တင်ရေး” ဦးတည်ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ပညာရေးညီလာခံကိုကျင်းပရခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုး ထောင်နိုင်ရန်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး KG+9 မဖြစ်မနေ ပြီးမြောက် အောင်မြင်ရေး၊ ပညာသင်ယူမှုအခွင့်အလမ်းများမြှင့်တင်ရေး၊ ကျောင်းတက်ရောက် သူဦး ရေ ပိုမိုတိုးတက်လာစေရေး၊ KG+9 အလွန် ပညာရေးအခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ သက်မွေးပညာစဉ်ဆက်မပြတ်သင်ယူလေ့ကျင့်ရေး၊ အဆင့်မြင့်ပညာ တိုးတက်အောင်မြင် ရေးနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ရေး၊ အရည်အသွေးရှိသော ဆရာ ဆရာမများ ဖြည့်ဆည်းလေ့ကျင့်ပျိုးထောင်ရေးအစရှိသည့် ဆွေးနွေးပွဲခေါင်းစဉ်များကို အသေးစိတ်ဝိုင်းဝန်းဆွေးနွေး သတ်မှတ်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အနာဂတ် ပညာရေးအတွက် ရှေ့လုပ်ငန်းစဉ်များပေါ်ထွက်လာရေးဆိုင်ရာများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ညီလာခံ စာတမ်းဖတ်ကြားဆွေးနွေးရေးနှင့် ပြခန်းများခင်းကျင်း ပြသရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆက်စပ်ဝန်ကြီးဌာနများမှ အစည်းအဝေး တက်ရောက်လာသူများက ညီလာခံဆွေးနွေးပွဲ ခေါင်းစဉ်တစ်ခုချင်းစီအလိုက်လည်းကောင်း၊ ပညာရေးကဏ္ဍများကို အုပ်စုလိုက်လည်းကောင်း အသေးစိတ်ဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်း လိုက်ကြောင်း သိရသည်။
(သတင်းစဉ်)