နေပြည်တော် မတ် ၂၉

 

စွမ်းအင်ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းများဌာနများမှ လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံနှင့် စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာနရှိ ရတနာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုခံရသော ဝန်ထမ်းများအနေဖြင့် မူလတာဝန်များအပြင် လုပ်ငန်းလိုအပ်ချက်အရ တာဝန်များကို ထူးချွန်စွာနှင့်စွန့်စားစွာ ထမ်းဆောင်ခဲ့ကြောင်းကို တွေ့ရှိရ၍ အထူးဂုဏ်ပြုပါကြောင်း၊ သယ်ယူရန်ခက်ခဲသည့် ရေနံမြေများမှ ရေနံစိမ်း များကို အကြိမ်ကြိမ်သယ်ယူခဲ့ရာတွင် ဘေးအန္တရာယ်ကြားမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအတွက် ဝန်ကြီးဌာနကိုယ်စား   မိမိအနေဖြင့် များစွာဂုဏ်ယူ ပါကြောင်း။

 

သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်ခြင်းလုပ်ငန်းများတွင်လည်း တာဝန်ကျအရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိအသက်အန္တရာယ်ကိုမငဲ့ကွက်ဘဲ ပေးအပ်သောတာဝန်များကိုဦးလည် မသုန် ဆောင်ရွက်ခဲ့ကြသူများဖြစ်၍ နိုင်ငံတော်၏ စက်ရုံများအတွက် အထူးလိုအပ်နေသော သဘာဝဓာတ်ငွေ့များကို အချိန်တိုအတွင်း ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့၍ အထူးပင်ဂုဏ်ပြုပါကြောင်း၊ ရေနံမြေဒေသအသီးသီးရှိ လုံခြုံရေးဝန်ထမ်းများ သည်လည်း နိုင်ငံတော်ပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ရေနံမြေလုံခြုံရေး တာဝန်များကို ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ပေးခဲ့၍ အထူးမှတ်တမ်းတင်ရှိပါကြောင်း၊ ဂုဏ်ပြုချီးမြှင့်ထိုက်သည့် ဝန်ထမ်းများကိုလည်း စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့်အညီ အခွင့်အခါသင့်လျော်ပါက ၎င်းတို့အပေါ် ခံစားခွင့်များကို အထူးအလေးပေးချီးမြှောက် ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာန အကြီးအကဲများကို တိုက်တွန်းမှာကြားလိုကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မိမိဌာနနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းကောင်းများဖြစ်သည့်အတွက် ဆက်လက်ကြိုးစား တာဝန်ထမ်းဆောင် သွားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စီမံကိန်းအသီးသီးတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှဝန်ထမ်းများ၊ ဓာတ်မြေဩဇာစက်ရုံမှ ဝန်ထမ်းများနှင့် ရေနံမြေ ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)