နေ့စဉ်ဘဝကျန်းမာဖို့ ဆီစားသုံးမှုလျှော့ကြစို့

ကိုငြိမ်းငယ်(ကျွန်းဒေါင့်)

မြန်မာလူမျိုးတို့၏ မီးဖိုချောင်ထဲတွင် အဓိကအနေဖြင့် ပါဝင်နေသော စားသောက်ကုန်ပစ္စည်းမှာ ဆန်ဖြစ်သည်။ စားသောက်ကုန်ပစ္စည်းများတွင် ဆန်မှာ ပထမဦးစားပေးဖြစ်ပြီး ဆီမှာ ဒုတိယ ဦးစားပေးနေရာတွင်ရှိသည်။ ဆန်ကို ထမင်းအဖြစ် စားသုံးရန် အဓိကအသုံးပြုသော်လည်း ဆီကိုမူ ဟင်းချက်ရန်၊ ကြော်လှော်ရန်၊ အသုပ်အမျိုးမျိုးနှင့် ငါးခြောက်ဖုတ်တို့ကဲ့သို့သော အစားအစာများကို ဆီစိမ်းဆမ်း၍ဖြစ်စေ၊ ဆီကျက်ချက်၍ဖြစ်စေ ပြုလုပ်စားသုံးကြသည်။ သို့ရာတွင် မြန်မာလူမျိုးအများစုသည် ဆီ၏သဘာဝများကို သေချာစွာမသိဘဲ နှစ်နှစ် ခြိုက်ခြိုက်ဖြင့် အတိုင်းအဆမရှိ စားသုံးနေကြသည်။ ထိုသို့ ဆီကို အလွန်အကျွံစားသုံးနေခြင်းသည် ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း သိရှိကြ၍ သတိပြုဆင်ခြင်သင့်လှသည်။

ဆီစားသုံးရာတွင် ဘေးကင်းလုံခြုံမှုမရှိခြင်းကြောင့် ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေမှုမှာ အလွန်ကြီးမားသည်။ ဆီစားသုံးမှုနှင့်ဆက်နွှယ်နေသော ကျန်းမာရေးပြဿနာများကို လေ့လာပါက အခြေခံအချက်နှစ်ချက်ကို တွေ့ရမည်ဖြစ်သည်။ ပထမအချက်မှာ ကျန်းမာရေးနှင့်မညီသည့်ဆီများကို စားသုံးမိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ စားသုံးသင့်သည်ထက် ပို၍စားသုံးနေခြင်းတို့ဖြစ်သည်။ မြန်မာတို့၏ ဟင်းလျာအများစုတွင်လည်း ဆီပြန် ဟင်းများသည် ဟင်းကောင်းအဖြစ် နေရာယူလျက်ရှိသည်။ ဟင်းလျာတို့တွင် ဆီနည်းနေပါက “ဟင်းက ဆီတောင်မပါဘူး”ဟု ဆိုတတ်ကြပါသေးသည်။ မြန်မာဟင်းလျာများတွင် ဆီများကို လိုအပ်သည်ထက် ပို၍သုံးစွဲခြင်းမရှိအောင် ဂရုပြုကြရပါမည်။

လူသားတို့ နေ့စဉ်စားသုံးနေကြသောဆီများတွင် မပြည့်ဝဆီများသည် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေသည်။ ဆီများကို ဓာတ်ခွဲစစ်ဆေးပြီး ထုတ်ပြန်ချက်များအရ နှမ်းဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ ပဲပုပ်ဆီများသည် မပြည့်ဝဆီများဖြစ်ကြပြီး စားအုန်းဆီမှာ ပြည့်ဝဆီဖြစ်ကြောင်း သိရသည်။ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ သတ်မှတ်အရည်အသွေး ပြည့်မီစွာ တင်သွင်းရောင်းချခွင့်ရရှိထားသော ဆီများကိုသာ စားသုံးသင့်သည်။ ထို့ပြင် ကျန်းမာ ရေးကို မထိခိုက်စေရန် ဆီသိုလှောင်ထုပ်ပိုးသည့် နေရာများ သန့်ရှင်းစေရေးနှင့် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရေးတို့အတွက် အဆင့်ဆင့် ဆောင်ရွက်ကြရန် လိုအပ်သည်။

မြန်မာလူမျိုးတို့သည် ဧည့်ဝတ်ကျေပွန်ချင်စိတ် အလွန်ထက်သန်ကြသည်။ ဧည့်သည်များကိုလည်း ကောင်းမွန်စွာ ချက်ပြုတ်ကျွေးမွေးတတ်ကြသည်။ သို့ရာတွင် အဓိကပြဿနာမှာ ဟင်းလျာချက်ပြုတ်ကြရာတွင် အများအားဖြင့် ဆီကိုလိုအပ် သည်ထက် ပို၍သုံးစွဲတတ်ကြသည်။ ထို့ပြင် မြန်မာ လူမျိုးအများစုသည် မိမိတို့၏ ဧည့်ဝတ်ပျူငှာမှုကို ပြသသည့်အနေဖြင့် ဧည့်သည်များကို တည်ခင်းကျွေးမွေးရာ၌ ဟင်းများကို ဆီများပြည့်နေအောင် ချက်ပြုတ်ကျွေးမွေးလေ့ရှိကြသည်။ ထိုအပြုအမူ များသည် ကျန်းမာရေးကို ထိခိုက်စေသောကြောင့် သတိပြုဆင်ခြင်ရမည်ဖြစ်သည်။

အိမ်ရှင်မများအနေဖြင့် ဟင်းလျာချက်ပြုတ်ရာတွင် အသုံးပြုရမည့်ဆီနှင့်ပတ်သက်၍ မည်သည့်ဆီ အမျိုးအစားကို အသုံးပြုရမည်နည်းဟူသောမေးခွန်း ထုတ်စရာရှိသည်။ ကျွန်ုပ်တို့အနေဖြင့် နေ့စဉ်စားသုံးနေကြသော ဆီအမျိုးအစားများတွင် အခြေခံအားဖြင့် သုံးမျိုးရှိသည်။ ထိုဆီအမျိုးအစား သုံးမျိုး မှာ (၁) ကျန်းမာရေးအရ သင့်တင့်မျှတစွာ စားသုံးနိုင်သော မပြည့်ဝဆီများ (Unsaturated fats)၊ (၂)တတ်နိုင်သမျှ လျှော့၍စားသုံးသင့်သော ပြည့်ဝဆီများ(Saturated fats) နှင့် (၃) လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများ(Trans fats)ဟူ၍ ဖြစ်သည်။

မပြည့်ဝဆီများ (Unsaturated fats)

မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ငါးအမျိုးမျိုးမှ ရသောဆီများသည် မပြည့်ဝဆီများ (Unsaturated fats) ဖြစ်သည်။ မပြည့်ဝဆီများသည် ကျန်းမာရေး အတွက် အမှန်တကယ်အကျိုးပြုသောဆီဖြစ်သည်။ မပြည့်ဝဆီများကို သင့်တင့်မျှတစွာ စားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော သွေးတွင်းအဆီဓာတ်များကို မြင့်တက်စေသည်။ ထို့အတူ မကောင်းသောအဆီဓာတ်များကိုလည်း လျှော့ချပေးသည်။ ထို့ကြောင့် နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်ပွားနိုင်မှုမှ ကာကွယ်ပေးပြီး နှလုံး ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ကျစေနိုင်သည်။

ပြည့်ဝဆီများ (Saturated fats)

စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသောအဆီများသည် ပြည့်ဝဆီများ (Saturated fats) ဖြစ်သည်။ ပြည့်ဝဆီများသည် တတ်နိုင်သမျှ လျှော့၍စားသုံးသင့်သောဆီများဖြစ်သည်။ ပြည့်ဝဆီများ စားသုံးမှုများပြားခြင်းသည် ခန္ဓာကိုယ် တွင်းရှိ မကောင်းသောသွေးတွင်းအဆီဓာတ်များ ကိုမြင့်တက်စေသည်။ ထို့ကြောင့် ပြည့်ဝဆီများကို အလွန်အကျွံစားသုံးခြင်းဖြင့် အဝလွန်ခြင်း၊ အသည်း အဆီဖုံးခြင်း၊ သွေးကြောနံရံတွင် အဆီများခဲ၍ သွေးကြောကျဉ်းရောဂါဖြစ်ခြင်း၊ နှလုံးသွေးကြော ပိတ်ရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

လူသားတို့အနေဖြင့် တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သော စားအုန်းဆီများကိုပင် စစ်မှန်အောင် မရောင်းချဘဲ မြေပဲနံ့၊ နှမ်းနံ့များရအောင် ဓာတုအနံ့များထည့်သွင်းကာ မြေပဲဆီ၊ နှမ်းဆီများအဖြစ် လိမ်လည်ရောင်းချခြင်းများကို စျေးကွက်ထဲတွင် တစ်ခါတစ်ရံ တွေ့ရတတ်သည်။ ထို့ပြင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသော မသန့်စင်ရ သေးသည့် ဝါစေ့ဆီအနီရောင်ကို အရောင်လှစေရန် ရောစပ်၍ နှမ်းဆီအဖြစ် ရောင်းချခြင်း၊ ရောဆီ၊ စပ်ဆီဟုဆို၍ မြေပဲဆီနှင့်စားအုန်းဆီများကို ရောနှောထားပြီး ပါဝင်ပစ္စည်းဖော်ပြရာတွင် ဆီအမျိုးအစားနှင့် ရာခိုင်နှုန်းကို မှန်ကန်စွာဖော်ပြမှုမရှိဘဲ ရောင်းချခြင်းများကို တွေ့ရှိရသည်။

စားသုံးသူပြည်သူများသည် ဆီကို တန်ရာတန်ကြေးပေး၍ ဝယ်ယူနေခြင်းဖြစ်သောကြောင့် ရောင်းချသူများကလည်း ရိုးသားကြရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မိမိတို့အတွက် အမြတ်များများ ရရှိရေးကိုသာ တစ်ကိုယ်ကောင်းဆန်ဆန် ပြုလုပ်နေ ပါက ပြည်သူများမှာ ရောဂါကို ငွေဖြင့်ဝယ်ယူနေရ သကဲ့သို့ ဖြစ်နေပေတော့မည်။ အကြော်အလှော်မျိုးစုံ ရောင်းချသူများအနေဖြင့်လည်း ဆီသန့်အသစ်ကို အသုံးပြုရမည့်အစား ပြန်ကြော်ဆီများကိုသာ ထပ်တလဲလဲဖြင့် သုံးစွဲခြင်းမျိုးကို ရှောင်ကြဉ်ကြရပါမည်။ ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ မိတ္တဗလ၊ စာရိတ္တဗလတည်းဟူသော ဗလငါးတန် တွင် အခြေခံအချက်မှာ ကာယဗလပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသားတို့ မကျန်းမာလျှင် ထိုနိုင်ငံသားများ၏ကြီးပွားရေး၊ စီးပွားရေး၊ လူမှုရေးများမှအစပြု၍ တိုင်းပြည်ထူထောင်ရေးလုပ်ငန်းများ၊ ခေတ်မီဖွံ့ဖြိုးရေးလုပ်ငန်းများ စသည်တို့တွင် ထိရောက်စွာ ကြိုးစားပြုလုပ်နိုင်ကြမည် မဟုတ်ပေ။ ထိုသို့ ကျန်းမာရေးကဏ္ဍသည် အမျိုးသားရေးတာဝန် တစ်ရပ်သဖွယ် အရေးပါနေသောကြောင့် ဆီစားသုံးမှုနှင့် ဝယ်ယူရောင်းချမှုများတွင် စည်းကမ်းရှိရန် အထူးလိုအပ်သည်။

အသွင်ပြောင်းဆီများ (Trans fats)

အသင့်စားအစားအစာများဖြစ်သော အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့်စသည်တို့တွင် ပါဝင်သောဆီများသည် အသွင်ပြောင်းဆီများ (Trans fats) ဖြစ်သည်။ အသွင်ပြောင်းဆီများသည် အစားအစာများကို တာရှည်ခံပြီး အရသာရှိစေရန် အတွက် ပုံမှန်အသုံးပြုသောဆီထဲတွင် ဟိုက်ဒရိုဂျင် ဓာတ်ပေါင်းထည့်ထားသော ဆီများဖြစ်သည်။ အသွင်ပြောင်းဆီများသည် မကောင်းသော သွေးတွင်း အဆီဓာတ်များကို မြင့်တက်စေပြီး ကောင်းသော သွေးတွင်းအဆီဓာတ်များကို လျော့ကျစေသည်။ ထို့ကြောင့် ပြည့်ဝဆီစားသုံးခြင်းကြောင့် ဖြစ်တတ် သောရောဂါများအပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ နှင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်း စသော နောက်ဆက်တွဲရောဂါများကိုဖြစ်စေနိုင်သည်။

သို့ရာတွင် စားသုံးသူပြည်သူအများစုမှာ ကျန်းမာရေးအသိပညာနှင့် ဗဟုသုတ မကြွယ်ဝသော ကြောင့်လည်းကောင်း၊ ကျန်းမာရေးအသိရှိသော်လည်း ဝင်ငွေနည်းခြင်းကြောင့်လည်းကောင်း လုံခြုံစိတ်ချရသောဆီကို အများစုမှာ မစားသုံးနိုင်ကြပေ။ ရေရှည်ကောင်းကျိုးကို ကြည့်ရမည့်အစား အမြင်၊ အနံ့ဖြင့်သာ ရွေးချယ်ဝယ်ယူကြသောကြောင့် အချို့ ထုတ်လုပ်သူများက မမှန်မကန် ထုတ်လုပ်လျက်ရှိနေသည်။ မပြည့်ဝဆီများကို သင့်တင့်မျှတအောင် စားသုံးပါက လူသားတို့အတွက် များစွာအကျိုးပြုစေသည်။ ထို့ပြင် ပြည့်ဝဆီများကို အတတ်နိုင်ဆုံး လျှော့၍စားသုံးကြရပါမည်။ လူတိုင်းသည် ရေလုံပြုတ်ဟင်းကို နေ့စဉ်မစားသုံးနိုင်ကြသည့်အတွက် ကျန်းမာရေးနှင့်ကိုက်ညီစေရန် ဆီကို အနည်းငယ် သာအသုံးပြုပြီး ဟင်းလျာချက်ပြုတ်ရပါမည်။

အချုပ်အားဖြင့်ဆိုရသော် ဈေးကွက်ထဲရှိ ရောင်းချသူများမှာ သူတို့၏ဆီအမျိုးအစားသည် အကောင်းဆုံးဖြစ်သည်ဟူသော အာမခံချက်များကို ပေးနေမည်သာဖြစ်သည်။ သို့ရာတွင် စားသုံးသူ ပြည်သူများအနေဖြင့် ဆီကို အနည်းဆုံးထား၍ သုံးနိုင်လေလေ ကျန်းမာရေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်လေလေဆိုသည်ကို သိရှိလိုက်နာနိုင် ကြစေလိုကြောင်း ဆန္ဒပြုရင်း ရေးသားလိုက်ရပါသည်။ ။

ကိုးကား - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(ဒီနေ့အတွက် သိကောင်းစရာ)