အိန္ဒိယနိုင်ငံအလယ်ပိုင်း၌ ဘုရားကျောင်း ကြမ်းခင်းပြိုကျမှုကြောင့် လူ ၁၃ ဦး သေဆုံး

မတ် ၃၁

 

အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ဘုရားကျောင်းတစ်ခုတွင် ကြမ်းခင်းပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး နာရော့တမ် မစ်ရှရာက ပြောကြားသည်။

 

ထိုပြည်နယ်ရှိ အင်ဒိုးမြို့တွင် ဖြစ်ပွားခဲ့သောမတော်တဆမှုသည် ဘုရားကျောင်းကြမ်းခင်းပေါ်လူ ၃၀ ကျော် မတ်တပ်ရပ်နေကြရာမှ ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါကြမ်းခင်းပြိုကျမှုဖြစ်ပွားရာနေရာမှ  ၁၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့ကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ သေဆုံးသူ ၁၃ ဦးတွင် အမျိုးသမီး ၁၀ ဦး၊ ကလေးတစ်ဦးအပါအဝင် စုံတွဲတစ်တွဲလည်းပါဝင်သည်ဟု သိရသည်။

 

ထိုမတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန်မှာကြားထားကြောင်း ထိုဝန်ကြီးကပြောသည်။

 

ပြည်နယ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ဝန်ကြီးချုပ်နာရိန်ဒရာမိုဒီက ထိုမတော်တဆမှုကြောင့် ထိခိုက်သေဆုံးသူများနှင့် ၎င်းတို့၏မိသားစုများအားလုံးကို မိမိအနေဖြင့် ဆုတောင်း မေတ္တာပို့သပါကြောင်း တွစ်တာတွင် ရေးသားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို