မန္တလေး ၁၄ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး အစိုရအဖွဲ့က ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၃၅,၄၅၅ သန်းကျော်အား ယနေ့ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။

 

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

 

‘ဖြည့်စွက်တောင်းခံငွေများမှာ ဌာန၊ အဖွဲ့အစည်း အသီးသီး၏သာမန်အသုံးစရိတ်တွင် အမှန်တကယ်လိုအပ်သော လစာနှင့် စရိတ်ချီးမြှင့်ငွေ၊ လုပ်အားခ၊ အခွန်အခများအပါအဝင်  ကျန်သာမန်အသုံးစရိတ်များ၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် အမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများအတွက်သာ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တောင်းခံခြင်းဖြစ်ပါသည်’ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အဆိုကို တင်သွင်းစဉ်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

၂၀၁၈-၂၀၁၉ ခုနှစ်အတွက် မူလခန့်မှန်းခြေစာရင်းအရ ရငွေ စုစုပေါင်းမှာ ကျပ် ၂၀၇,၉၀၆ သန်းကျော် ဖြစ်ပြီး ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းအရ ရငွေစုစုပေါင်းမှာ ကျပ် ၂၄၃,၃၆၀ သန်းကျော် ဖြစ်သဖြင့် စုစုပေါင်းရငွေ ၃၅,၄၅၅ သန်းကျော် ပိုမိုရရှိမည်ဖြစ်သည်။ အသုံးစရိတ်တွင် မူလခန့်မှန်းခြေ ငွေစာရင်းမှာ ကျပ် ၃၂,၂၈၁၉ သန်းကျော်ဖြစ်ပြီး ပြုပြင်ပြီးသည့် ခန့်မှန်းခြေငွေစာရင်းမှာ ကျပ် ၃၅၈,၂၇၅ သန်းကျော်ဖြစ်သဖြင့် မူလခန့်မှန်းခြေထက် ကျပ် ၃၅,၄၅၅ သန်းကျော် ပိုမိုသုံးစွဲမည် ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်

 

3.3.