နေပြည်တော် ဧပြီ ၁ 

ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာ သင်တန်းနှင့် ဗုဒ္ဓဘာသာအခြေခံ(ဆရာဖြစ်) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင် ၊ နေပြည်တော်ကောင်စီ ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA တာဝန်ရှိသူများ၊သင်တန်းနည်းပြဆရာ၊ ဆရာမကြီးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က ယခုနှစ် နွေရာသီကျောင်းပိတ်ရက် နေပြည်တော်အတွင်းရှိ သင်တန်းဌာန ကိုးနေရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ် ၁၀၂၄ ဦးကို မြို့နယ်သံဃနာယက အဖွဲ့များက ဦးဆောင်ဦးရွက်ပြု ဖွင့်လှစ်ပို့ချပေး မည်ဖြစ် ကြောင်း ၊ ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို စနစ်တကျ လေ့လာသင်ယူပြီး အမျိုးဘာသာ၊ သာသနာကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးသော လူ့ဘောင်အဖွဲ့ အစည်းတည်ဆောက် နိုင်ပြီး နိုင်ငံနှင့် လူမျိုးအကျိုးသယ်ပိုးနိုင်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန် ကြိုးစားသင်ယူ လေ့လာဆည်းပူးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူ က ဗုဒ္ဓဘာသာအခြေခံ(ဆရာဖြစ်) သင်တန်းနှင့်ပတ်သက်၍ သင်ကြား မည့် ဘာသာရပ်များနှင့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန် ကျောင်း)မှ ယဉ်ကျေးလိမ္မာသင်တန်းနည်းပြ ဆရာမကြီး ဒေါ်ခင်လင်း က သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA  နာယကနှင့်တာဝန်ရှိသူများက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ထံ ဗုဒ္ဓဘာသာအခြေခံ (ဆရာဖြစ်) သင်တန်းအတွက် သင်ကြားရေးစာအုပ် ၁၅၀ ကို ပေးအပ်လှူဒါန်းသည်။ 

ယနေ့ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းတွင် ဌာနဆိုင်ရာ ဝန်ထမ်းသားသမီး ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ကို  ဧပြီ (၁) ရက်မှ (၅) ရက်အထိလည်းကောင်း၊ အဘိဓမ္မာသင်တန်းတွင် ဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုဝင်  ၄၀ ကို ဧပြီ (၁) ရက်မှ (၅)ရက်အထိလည်းကောင်း၊ ဗုဒ္ဓဘာသာအခြေခံ (ဆရာဖြစ်)သင်တန်းတွင် ဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုဝင် ၄၀ ကို ဧပြီ (၁) ရက်မှ (၇) ရက်အထိ လည်းကောင်း သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်စည်ပင်သာယာရေး ကော်မတီရှိ မင်္ဂလာခန်းမ၌ ကျင်းပသည့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်း များ၏ သားသမီးများအတွက် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ယဉ်ကျေး လိမ္မာသင် တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBA အထက်မြန်မာပြည်ဥက္ကဋ္ဌ ဦးစိုးနိုင် နှင့် YMBA ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူ တို့ကဗုဒ္ဓဘာသာကလျာဏယုဝ အသင်း  YMBAမှ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီသို့ လှူဒါန်း သည့်အလှူငွေကျပ်သိန်း ၅၀ ၊ ကျောက်စိမ်း ကိုးလုံး ပုတီး အကုံး ၁၀၀၀ နှင့် ဒေါက်တာ စိုးသိန်းနှင့် ဒေါ်ခင်ချိုအုန်းမိသားစုမှ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ အလှူငွေကျပ်သိန်း ၆၀  ကို  နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ထံ ပေးအပ်လှူဒါန်းကြသည်။

ယဉ်ကျေးလိမ္မာသင်တန်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီးကျောင်းသားကျောင်းသူများအနက်  Grade 3 မှ Grade 5 အထိ အခြေခံပညာ မူလတန်း အဆင့် ကျောင်းသား၊ကျောင်းသူ ၆၃ ဦးနှင့် Grade 6 မှ Grade 8 အထိ အလယ်တန်း အဆင့် ကျောင်းသား၊ကျောင်းသူ  ၄၀ ကို  ဧပြီ (၁) ရက်မှ (၅)ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်