ဆိုးလ်   ဧပြီ  

 

နွေဦးရာသီတွင် ခြောက်သွေ့ပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ဧပြီ ၂  ရက်၌ တောင်ကိုရီယား နိုင်ငံတစ်ဝန်း တောမီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း ကိုရီးယားမီးသတ်ဌာန (ကေအက်ဖ်စီ) ကို ကိုးကားပြီး ယွန် ယက်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 

ကေအက်ဖ်စီတောမီးလောင်မှုဆိုင်ရာ သတင်းအချက် အလက်ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတစ်ဝန်း တောမီးလောင်မှုပေါင်း အကြိမ် ၃၀ ဖြစ်ပွားကြောင်း သိရသည်။ ထိုတောမီးလောင်မှု ၃၀ ထဲမှ ၁၅ ခုကို ငြှိမ်းသတ် နိုင်ပြီဟု ဆိုသည်။

 

ဆိုးလ်ရှိ အင်ဝမ်တောင်၌ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၃ မိနစ်တွင် တောမီးကြီးတစ်ခု လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် အဆိုပါတောမီးကို ထိန်းချုပ်နိုင်ရန်အတွက် ရာနှင့်ချီသော အရာရှိများ၊ ရဟတ်ယာဉ်ကိုးစင်းနှင့် အခြားသော ပစ္စည်းကိရိယာများကို စုစည်းပြီး အချိန် ၃ နာရီ ကျော်ကြာ ကြိုးစားဆောင်ရွက် ခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တောမီးလောင်မှုကြောင့် ထိခိုက်သေဆုံးသူ မရှိသေးကြောင်းနှင့် ဒေသခံ အိမ်ထောင်စု ၁၂၀ ခန့် ဘေး လွတ်ရာသို့ ပြောင်းရွှေ့ပေး ခဲ့ရသည်။ သို့သော်လည်း သစ်တောမြေ ၀ ဒသမ ၂၃ စတုရန်းကီလိုမီတာခန့် သို့ မဟုတ် ဘောလုံးကွင်း ၃၂ ကွင်းစာခန့် ပျက်စီးမှုဖြစ်ပွားခဲ့သည်။

 

ထို့အပြင် ဆိုးလ်တောင် ဘက် ၁၁၀ ကီလိုမီတာခန့်အကွာ ဟွန်ဆန်မြို့ရှိ တောင်တစ်ခုတွင်လည်း ဒေသစံတော်ချိန် နံနက် ၁၁ နာရီက တောမီးလောင်မှု ဖြစ်ပွားခဲ့ရာ အနီးဝန်းကျင်ရှိ အိမ်များသို့ ကူးစက်ပျံ့နှံ့ခဲ့သော်လည်း ထိခိုက်သေဆုံးသူ မရှိဟု ဆိုသည်။ သစ်တောဟက်တာ ၂၀၀ လောင်ကျွမ်းခဲ့ပြီး ကိုယ်ပိုင်အိမ် ခြောက်လုံး၊ မွေးမြူရေးခြံတစ်ခြံနှင့် စပါး ဂိုဒေါင်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးသတ် တပ်ဖွဲ့ဝင်များ သည် မီးငြှိမ်းသတ်နိုင်ရန်အတွက် ရဟတ်ယာဉ် ၁၇ စင်း နှင့် အရာရှိ ၁၆၀၀ ကျော်စေလွှတ် ထားသော်လည်း ဒေသစံတော်ချိန် ညနေ ၄ နာရီ ၌ မီးလောင်မှု၏ ၃၀ ရာခိုင်နှုန်းကိုသာ ငြှိမ်းသတ်နိုင်သေးကြောင်း သိရသည်။

 

ဆင်ဟွာ