နေပြည်တော်၊ ဧပြီ ၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး  H.E Mr. Vinay Kumar  အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နယ်စပ် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာစေပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက် သော ပလက်ဝ - ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း၊  ယာကြီး - ကလေးဝ လမ်းအပိုင်းအား  အဆင့်မြှင့်တင်ခြင်း၊  တမူး - ကျီကုန်း - ကလေးဝ လမ်းပေါ်ရှိ တံတား (၆၉) စင်း ပြုပြင် ထိန်းသိမ်းခြင်းနှင့် အသစ်တည်ဆောက်မည့် လုပ်ငန်းအစီအစဉ်များ၊ တမူးနယ်စပ်ဂိတ်၌ အဆင့်မီ ဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် (Integrated Check Post)  တည်ဆောက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်း များ အပြန်အလှန်ပေးအပ်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်