ရန်ကုန် ၊ ဧပြီ ၃

 

မြန်မာရိုးရာ အတာသင်္ကြန်အကြို ပွဲတော်ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့  ကမာရွတ်မြို့နယ် အင်လျားကန်အနီးရှိ စိမ်းလန်းစိုပြေ ဥယျာဉ်အတွင်း၌ ကျင်းပသည်။

Myanmar Cultural Heritage Trust(MCHT)၊ ဝိသာခါဖောင်ဒေးရှင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်နှင့် Business and Profession Women Federation-BPW(Myanmar) တို့ပူးပေါင်းကျင်းပသော မြန်မာ့ရိုးရာအတာ သင်္ကြန် အကြိုပွဲတော်တွင် ဝိသာခါဖောင်ဒေးရှင်း အသင်းဝင်များက”နွေမ” သီချင်းဖြင့် လည်းကောင်း၊ BPW (Myanmar)က “သင်္ကြန်မိုးသီချင်း”ဖြင့်လည်းကောင်း ဖျော်ဖြေကြ ပြီး MCHT၊ ဝိသာခါဖောင်ဒေးရှင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (Myanmar) နှင့် BPW Myanmar မှအသင်းဝင်တို့က မြန်မာရိုးရာအစားအစာ မုန့်လုံးရေပေါ်ပြိုင်ပွဲကို ဆင်နွှဲကြကာ မြန်မာ့သင်္ကြန်ပွဲတော်ကာလ၌ သတ္တဝါများကို ဘေးမဲ့ပေး ကုသိုလ်ယူကြသည့်နည်းတူ ယနေ့တွင်လည်း ငှက် နှင့် ငါးများကိုလွှတ်၍ ကုသိုလ်ယူကြသည်။

 

ဆက်လက်၍ အဆိုတော်မေခလာက သီချင်းများဖြင့် သီဆိုဖျော်ဖြေပြီး မုန့်လုံးရေပေါ် ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများကို တာဝန်ရှိသူတို့က ဆုများချီးမြှင့်ကြသည်။

 

အတာသင်္ကြန်အကြို အထိမ်းအမှတ်အဖြစ် ကျင်းပသော မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်တွင်  အသင်းဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်တို့အား သင်္ကြန် ထမင်း၊ ငါးခြောက်၊ ခရမ်းချဉ်သီးငပိချက်၊ ခေါက်ဆွဲကြော်၊ မုန့်ဟင်းခါး၊ ကြာဇံချက်၊ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ မုန့်ပြားသလက်၊ ခေါက်မုန့်၊ မုန့်လင်မယား၊ မန်ကျည်း ကျောက်ကျော၊ မုန့်လက်ဆောင်း၊ နဂါးပျံ Milk Tea & Green Tea၊ Rich Coffee & Tea Mix၊ Smile သီးစုံပေါင်း စသည့်စတုဒီသာများဖြင့် တည်ခင်းလှူဒါန်းခဲ့သည်။

 

ဓာတ်ပုံ- ကနူး

ညိမ်းသူ ( သတင်းစဉ် )

 

mdn