ရန်ကုန် ဧပြီ ၄
ယခုနှစ် သင်္ကြန်ကာလတွင် ရခိုင်ပြည်နယ် ရှေးဟောင်းမြို့တော်ဖြစ်သော မြောက်ဦး ယဉ်ကျေးမှုဒေသ၌ နှစ်သစ်ကူးသင်္ကြန်ပွဲတော်၊ ဘုရားပွဲတော်နှင့် စေတီပုထိုးများကို လေ့လာ ကြည့်ရှုအပန်းဖြေကြမည့် ခရီးသွားများအတွက် စိတ်အေးချမ်းသာစွာ တည်ခိုနေထိုင်နိုင်ရန် နိုင်ငံတော်ပိုင်မြောက်ဦးဟိုတယ်နှင့် ပုဂ္ဂလိက ဟိုတယ်များကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယခုနှစ် ရခိုင်ရိုးရာရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရန် စီမံဆောင် ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်နားထားခဲ့သော ဘုရားပွဲတော်များကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မဟာမုနိဘုရား၊ ထုက္ကံသိမ်ပုထိုးတော်၊ အံတော်သိမ်၊ လေးမျက်နှာပုထိုးတော်၊ လောင်ဗန်းပြောက်စေတီ တော်၊ ဗောဓိရွှေဂူစေတီ၊ မင်္ဂလာမာရ် အောင်စေတီ၊ ရတနာ့မာရ် အောင်စေတီ၊ သကျမာရ် အောင်စေတီ၊ လောကမာရ်အောင် စေတီ၊ ဇိနာမာရ်အောင်စေတီ၊ ဘုရားပေါ်စေတီ၊ ရတ နာပုံစေတီ၊ ရွှေကြာသိမ်စေတီ၊ စန္ဒမုနိဆင်းတုတော်၊ မြတန်ဆောင်းစေတီ၊ ထူပါရုံစေတီ၊ သာရပဗ္ဗတစေတီ၊ ပြည်စိုးကြီးစေတီနှင့် အနော်မာဘုရားတို့သည် လူသိများထင်ရှားသော စေတီ၊ ပုထိုးများဖြစ်ပြီး ပြည်တွင်း/ပြည်ပခရီးသွားအများအပြား ဖူးမျှော်လည်ပတ်ကြသည်။
“မြောက်ဦးဟိုတယ်ဖွင့်မှာဖြစ်တဲ့အတွက် ပြည်တွင်း/ပြည်ပ ခရီးသွားတွေ အပန်းဖြေအနားယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီနှစ်မှာ ဘုရားပွဲတော်ပြန်လည် ကျင်းပတဲ့အပြင် သင်္ကြန်ပွဲတော်ကို စည်စည်ကားကားနဲ့ တွေ့ရမှာပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် က လာရောက်လည်ပတ်ကြမယ့် ခရီးသွားတွေအတွက် လေယာဉ်ခရီးစဉ်၊ ကုန်လမ်း၊ ရေလမ်းတို့ကို ကုမ္ပဏီတွေက ဝန်ဆောင်မှုပေးနေတာကြောင့် မြောက်ဦးကိုပြည်တွင်းခရီးသွား များနိုင်ပါတယ်။ အထူး သဖြင့် ကိုးသောင်းဘုရား၊ သျှစ်သောင်းဘုရားနဲ့ မဟာမုနိမှာ ဘုရားဖူးတွေ စည်ကားနိုင်တဲ့အပြင် ကျောက်တော် သင်္ကြန်မှာလည်း စည်ကားနိုင်တာကြောင့် မြောက်ဦးခရီးစဉ်ဟာ ပျော်ရွှင်ဖွယ်ခရီးစဉ်တစ်ခု ဖြစ်လာမှာပါ။ စစ်တွေ သင်္ကြန်ကိုလည်း စည်စည်ကားကားနဲ့ အများပြည်သူ စိတ်အေးချမ်းစွာ ဆင်နွှဲနိုင်အောင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ကစီစဉ်နေတာဖြစ်တဲ့ အတွက်ဒီနှစ်ရခိုင်ပြည်နယ်မြောက်ဦး ယဉ်ကျေးမှုဒေသဟာ ခရီးသွားတွေနဲ့စည်ကားနေမှာပါ။ ပုဂံနဲ့အတူမြောက်ဦးဟာလည်း ခရီးသွားဆွဲ ဆောင်ရာ ဒေသတစ်ခုဖြစ်တာကြောင့် လာရောက်လည်ပတ်ဖို့ဖိတ်ခေါ် ပါတယ်”ဟုရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွဋ်အောင်ကပြော သည်။
ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှူဒေသသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားများနှင့် သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် ပြည်တွင်း/ပြည်ပခရီးသွား များ တည်းခိုနိုင်ရန် နိုင်ငံတော်ပိုင် မြောက်ဦး ဟိုတယ်ကို ဧပြီ ၉ ရက်တွင် အခန်းပေါင်း ၃၃ ခန်းဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါမြောက်ဦးဟိုတယ် တွင် ထိုင်းဘုရင့်သမီးတော် သီရိဒုံ တည်းခိုနေထိုင်ခဲ့သောအဆောင်ကို လေ့လာနိုင်ကြည့်ရှုနိုင်ဖြစ်သည်။
မြောက်ဦးခရီးစဉ်အတွက် လေကြောင်းလိုင်းနှင့်အတူ ကုန်းလမ်းနှင့် ရေလမ်းမှ သွားလာနိုင်ရန် ကုမ္ပဏီများက အွန်လိုင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး ရန်ကုန်မှစစ် ထွေသို့ လေကြောင်းခရီးစဉ်ဖြင့်လည်းကောင်း၊ စစ်ထွေမှမြောက်ဦးသို့ ရေလမ်းဖြစ်စေ၊ ကုန်လမ်းကြောင်းဖြစ်စေ ခရီးစဉ်များရေးဆွဲ၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ဘက်နှင့် ကုလားတန်မြစ်အရှေ့ဘက် တွင်တည် ရှိသော ရှေးဟောင်းမြို့တော် မြောက်ဦးမြို့သည် တောင် စွယ်တောင်တန်းများဖြင့် ဝန်းရံလျက်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီ၊ ပုထိုးများတည်ရှိသောကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခု နှစ် သင်္ကြန်ကာလ နှစ်ကူးသင်္ကြန်ပွဲတော်နှင့်အတူ ရှေးဟောင်းအမွေအနှစ်တို့စုဝေး ရာ မြောက်ဦးဒေသသို့ လာရောက်လည်ပတ်ကြမည့် ပြည်တွင်း/ပြည်ပခရီးသွားများ စည်ကားမှုဖြင့် ရခိုင်ပြည်နယ်၏ခရီးသွားကဏ္ဍသည် ပြန်လည်ပွင့်လန်းလာမည်ဖြစ် ကြောင်းသိရ သည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)