ရန်ကုန် ဧပြီ ၄
မြန်မာသမိုင်းအဖွဲ့၊ ပညာရှင်ဆရာကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ သီရိမင်္ဂလာ ရိပ်သာလမ်းသွယ်ရှိ သမိုင်းသုတေသနဌာန (ရန်ကုန်)၊ ပညာဆောင်၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ နုမြဇံနှင့် မြန်မာသမိုင်းအဖွဲ့ ပညာရှင်ဆရာကြီးများ၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာနုမြဇံက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပညာရှင်ဆရာကြီးများက ၎င်းတို့ပြုစုရေးသားသော စာအုပ်များ၏ အခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းခြင်း၊ မျိုးဆက်သစ်များအတွက် မြန်မာသမိုင်းအဖွဲ့၊ ပညာရှင်များနှင့် ဌာနမှ ပညာရှင်များ ပူးပေါင်း၍ သုတေသနနည်းပညာ (Research Methotology) သင်တန်း၏ Short Term Course ပို့ချရန်အတွက် စီမံချက်ရေးဆွဲမှုကို ဆွေးနွေးခြင်း၊ နိုင်ငံရပ် ခြားတိုင်းပြည်များမှ သမိုင်းသုတေသန၏ စာကြည့်တိုက်နှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)တို့ Book Exchange အစီအစဉ်ဆောင်ရွက် ရာ၌ အဆင်ပြေစေရန် Diplomatic Channel ဖြင့် ဆောင်ရွက်၍ နိုင်ငံတကာနှင့် ဆက်သွယ်သွားမည့် နည်းလမ်းများကို ဆွေးနွေးခြင်းနှင့် မြန်မာသမိုင်းအဖွဲ့၊ ပညာရှင်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဌာနတွင်းရှိ ပညာရှင်ဆရာကြီးများ၏ အခန်း၊ Microfilm ထားသိုမှုအခြေအနေ၊ မော်ကွန်းအထောက်အထားများ ထားရှိသည့်အခန်း၊ စာကြည့်တိုက်နှင့် သုတေသနအခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲသို့ ရောက်ရှိပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း၊ အပျိုဆောင်/ လူပျိုဆောင် အထွေထွေ မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်း၊ မြေညီထပ်အစည်းအဝေးခန်းမ ပြုပြင် မွမ်းမံခြင်းလုပ်ငန်း၊ ရန်ကုန် ဌာနခွဲရှိ (၆)လက်မ အဝိစီတွင်းနှင့် Ground Tank ဆောင်ရွက်ခြင်းလုပ်ငန်း၊ ရန်ကုန်ဌာနခွဲရှိ Transformer အား ပြောင်းလဲ တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြကာ ဒုတိယဝန်ကြီးသည် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်