မုံရွာ ဧပြီ ၆
၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဧပြီ ၅ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်မျိုးစုံ ဖြစ်နိုင်ခြေများသည့် နိုင်ငံဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း နယ်မြေကျယ်ပြန့်သည့်အလျောက် သဘာဝဘေးအန္တရာယ်များ ဖြစ်နိုင်ခြေရှိသည့်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်ရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိရန် အရေးကြီးပါကြောင်း၊ သဘာဝဘေးအန္တရာယ်များသည် ရာသီမရွေးဖြစ်ပွားတတ်သဖြင့် အချိန်အခါရာသီအလိုက် ဖြစ်လေ့ဖြစ်ထရှိသည့် ဘေးအန္တရာယ်များအား ကြိုတင်တွက်ဆ၍ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း။
မိမိတို့တိုင်းဒေသကြီးအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘေးဖြစ်နိုင်ခြေများလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန်နှင့် စနစ်မကျသော ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ဘေးဖြစ်နိုင်ခြေများကိုသာ ဖြစ်စေနိုင်သဖြင့် သတိပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စီမံကိန်း၊ စီမံချက်များ ချမှတ်ဆောင်ရွက်ရာတွင်လည်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးများလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်ပါကြောင်းနှင့် အန္တရာယ်ဟူသမျှ အတူတကွတွန်းလှန်ကာ ပူးပေါင်းဆောင်ရွက်ကြလျှင်ဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အေးချမ်းသာယာသည့် ဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးတစ်ခုဖြစ်စေရေး တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလိူင်က တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်မည့် အခြေအနေများအား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အခမ်းအနားသို့ တက်ရောက်လာသူများက မီးငြှိမ်းသတ်မှုသရုပ်ပြသမှုနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)