နေပြည်တော် ဧပြီ ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျင်းပသော သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေး လိမ္မာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
အခမ်းအနား တွင်ပြည်ထောင်စုဝန်ကြီး က ယခုသင်တန်းကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ လိမ္မာယဉ်ကျေးသည့် လူငယ်ကလေးများဖြစ်စေရန် ဖြစ်ပါကြောင်း၊ ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သည့် တရားများထဲတွင် သံသရာက လွတ်မြောက်ကြောင်း တရားအဆီအနှစ်များ ပါသကဲ့သို့ မျက်မှောက် ဘဝတွင် ပြုမူပြောဆိုကျင့်ကြံရမည့် ဘဝ နေထိုင်နည်းများလည်း ပါရှိ၍ ယခုသင်ကြားခဲ့ပြီးဖြစ်သည့် ၃၈ ဖြာမင်္ဂလာတရားတော်များပင်ဖြစ်ပါကြောင်းနှင့် လိုက်နာကျင့်ကြံကြမည်ဆိုလျှင် သားတို့ သမီးတို့သည် လိမ္မာယဉ်ကျေးသည့် လူငယ်ကလေးများ ဖြစ်လာကြမှာ မလွဲဧကန်ဖြစ်ပါကြောင်း။

သားတို့သမီးတို့ သင်ကြားခဲ့သည့် မင်္ဂလသုတ္တန်တွင် ထည့်သွင်းဟောကြားခဲ့သည့် လောကီ မင်္ဂလာတရားတော်များနှင့် လောကုတ္တရာမင်္ဂလာတရားတော်များသည် သားတို့သမီးတို့၏ စိတ်ကို နူးညံ့သိမ်မွေ့စေမည်ဖြစ်ပြီး မိဘကို မိဘမှန်း ဆရာကို ဆရာမှန်းသိပြီး ရိုသေကိုင်းရှိုင်းလာလိမ့်မည် ဖြစ်၍ ပေါင်းသင်းသင့်သူ မပေါင်းသင်းသင့်သူကို ခွဲခြားသိလာလိမ့်မည်ဖြစ်ပါကြောင်း၊ မကောင်းသော အလုပ် ကောင်းသောအလုပ်ကို သိလာပြီး လက်တွေ့လိုက်နာဆောင်ရွက်ပါက ရာနှုန်းပြည့်ယဉ်ကျေး လိမ္မာသူဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ သင်တန်း နည်းပြဆရာ ၆ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ အလှူရှင် ၂ ဦးအား ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း ပေးအပ်သည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း က သင်တန်းဆင်း ကျောင်းသား/ ကျောင်းသူများ ကိုယ်စား ကျောင်းသား/ ကျောင်းသူ ၃ ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသူ ၁ ဦးက ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား/သူ ၇၅ ဦးနှင့် နည်းပြလောင်း ၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်