မုံရွာ   ဧပြီ   ၈

 

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ လိုက်ပါလျက် ဧပြီ ၇ ရက် နံနက်ပိုင်းတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် မကျန်-တိုက်ရံကျေးရွာလမ်းပေါ်ရှိ သံကူကွန်ကရစ် တံတားသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး   ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းဝင်းခိုင်က တံတားသစ် တည်ဆောက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး    တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊    နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းခိုင်တို့က မကျန်-တိုက်ရံကျေးရွာလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

အဆိုပါ လဟယ်မြို့နယ် မကျန်-တိုက်ရံကျေးရွာလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားသစ်သည် အလျား ပေ ၆၀၊ အကျယ် ပေ  ၂၀ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး လဟယ်မြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့နယ် တိုက်ရံလွင်ပြင် တွင် ကုန်းမြင့်လယ်ယာဖော်ထုတ်ပြီးစီးမှု ဒေသခံ တိုင်းရင်းသားတောင်သူများထံ  လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်များ၊ လယ်ယာသုံးပစ္စည်းများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတိုင်းရင်းသားများထံ တောင်သူတစ်ဦးချင်း၏ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံတိုင်းရင်းသားများထံ လယ်ယာသုံးပစ္စည်းများနှင့် သွင်းအားစုများအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

 

ယနေ့အခမ်းအနားတွင် လဟယ်မြို့နယ် တိုက်ရံလွင်ပြင်တွင် ကုန်းမြင့်လယ်ယာ ၈၃ ဒသမ ၃၄ ဧက အား ကျေးရွာ ငါးရွာမှ တောင်သူ ၈၃ ဦးထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

 

ထို့နောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်    လဟယ်မြို့နယ်  တိုက်ရံ ကျေးရွာ၌ ကုန်းမြင့်လယ်ယာမြေ  ငါးဧကဖော်ထုတ် ကာ စိုက်ပျိုးထားသည့် နေကြာသီးနှံနှင့် ပဲပုပ်စိုက်ခင်း အား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တိုက်ရန်ချောင်းကူး ယာယီတံတားအား ဖြတ်သန်း ကြည့်ရှု၍ တံတားတည်ဆောက်ရေးအတွက် တာဝန် ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီးနောက် တိုက်ရံကျေးရွာ၌ အလျား ပေ ၁၂၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေရှိ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)