ညောင်ဦး ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တက်မကျေးရွာတွင် ဧပြီ ၉ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုကြောင့် လူနေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က ညောင်ဦးမြို့နယ် တက်မကျေးရွာနေ ဦးထွန်းမြိုင် ပိုင်ဆိုင်သော ၁၄ ပေပတ်လည် မြေစိုက်မီးဖိုဆောင်အတွင်းရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးဖိုဆောင်ထန်းလျက်အကာအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီးလောင်မှုအား ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ တပ်ကြပ်ကြီးနေလင်းထွန်း ဦးဆောင်သော သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်တစ်စီး၊ ညောင်ဦးမြို့နယ်တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီးတို့နှင့်အတူ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၂ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ညောင်ဦးမြို့နယ် တက်မကျေးရွာနေ ဦးထွန်းမြိုင် ပိုင်ဆိုင်သော မြေစိုက်မီးဖိုဆောင်(၁)လုံးနှင့် တစ်ထပ်လူနေအိမ်(၁)လုံး၊ အနီးဝန်းကျင်ရှိ ဦးအောင်သူရ ပိုင်ဆိုင်သော တစ်ထပ်လူနေအိမ်(၁)လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အခြားလူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စေခဲ့သူ ညောင်ဦးမြို့နယ် တက်မကျေးရွာနေ ဦးထွန်းမြိုင်အား ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)