နေပြည်တော်၊ ဧပြီ ၁၁

 

 

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကာလအတွင်း နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ သတ်မှတ်ထားရှိပြီး သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်တွင် ဖွင့်ပွဲအခမ်းအနားကျင်းပကာ စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အစမ်းလေ့ကျင့်ဆောင်ရွက်

 

နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော် လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲအခမ်းအနား ကျင်းပရန် အစမ်းလေ့ကျင့်ဆောင်ရွက် နေမှုနှင့် သင်္ကြန်ဇုန်များအလိုက် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော် လမ်းလျှောက် သင်္ကြန်မုခ်ဦးအား စနစ်တကျ ဖဲကြိုးဖြတ် ဖွင့်လှစ်နိုင်ရန်နှင့် ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအကအဖွဲ့များက သင်္ကြန်မိုးသီချင်းဖြင့် သံပြိုင်ညီညာကပြ ဖျော်ဖြေ၍ အစမ်းလေ့ကျင့် ဇာတ်တိုက်ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးသည်။

.

 

ထို့နောက် ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန် မဏ္ဍပ်များနှင့် တိုင်းရင်းသား ရေကစားမဏ္ဍပ်များ၌ ဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေပက်ကစားနိုင် ရန်နှင့် စတုဒိသာကျွေးမွေးနိုင်ရန် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများ၊ ဇုန်လေးဇုန်ဖြစ်သည့် သနပ်ခါးသင်္ကြန်ဇုန်၊ တိုင်းရင်းသားသင်္ကြန်ဇုန်၊ အလှပြ ဖျော်ဖြေရေးဇုန်နှင့် လူငယ်ဂိမ်း သင်္ကြန်ဇုန်တို့တွင် ခေတ်မီအဆင့်အတန်းရှိစွာ လည်ပတ် အနားယူနိုင်ရန် အဆင်သင့်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေး

 

ယင်းနောက် ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေကြမည့် ဝန်ကြီးဌာနယိမ်းအဖွဲ့များ၏ အစမ်းလေ့ကျင့် ကပြဖျော်ဖြေမှုများ၊ တေးသီချင်း သီဆိုဖျော်ဖြေနေမှုများ၊ အစမ်းလေ့ကျင့် ရေပက်ကစားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် ရေပြတ်တောက်မှု မရှိစေရေး စနစ်တကျ ဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။

 

သတင်းစဉ်