ရန်ကုန်၊ ဧပြီ ၁၃

 

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် ခရီးစဉ်တစ်ခုအဖြစ် ရောက်ရှိလာသော ရုရှား-မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ပြီး ရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။

 

ထို့နောက် ရုရှား-မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးတွင် ပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

 

ရုရှား-မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့မှ Mrs. Nika က “ကျွန်မတို့က ရုရှားနိုင်ငံ ကလာတဲ့ အဖွဲ့ဖြစ်ပါတယ်၊ ကျွန်မကအဆိုတော်ဖြစ်ပါတယ်၊ ရန်ကုန်မြို့တော်ခန်းမ မဟာသ င်္ကြန်ဖွင့်ပွဲမဏ္ဍပ်မှာ ပါဝင်ရေကစားခွင့်ရတဲ့အတွက် အထူးကို ပျော်ရွှင်မိပါတယ်၊ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးက ကျွန်မတို့ ရုရှားနိုင်ငံရဲ့ နှစ်သစ်ကူးနဲ့ ကွာခြားမှုရှိပါတယ်၊ ဒီမှာ ယိမ်းအဖွဲ့အက တွေလည်းတွေ့ရတယ်၊ မြန်မာအကတွေကို မြင်ခွင့်ရတဲ့အတွက် ဝမ်းသာကြည်နူးမှုဖြစ်ရတယ်၊ တစ်မူထူးခြားတာက ရေနဲ့ပက်ဖျန်းပြီး နှစ်သစ်ကို ဆင်နွှဲကြတဲ့အတွက် ကျွန်မအတွက် လုံးဝအတိုင်းမသိ ပျော်ရွှင်မိပါတယ်”ဟု ပြောသည်။

 

ထို့အတူ ရုရှား-မြန်မာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့မှ Mr. Makim က “ကျွန်တော်က ဒီဇိုင်နာဖြစ်ပါတယ်၊ ရုရှားမှာက နှစ်ကူးရင် နှင်းတွေကျပြီး အေးခဲနေတယ်၊ မြန်မာနိုင်ငံမှာတော့ နွေရာသီလဲဖြစ်တယ်၊ လူတွေက ပြုံးပျော်ပြီးတော့ နှစ်သစ်ကို ဆင်နွှဲနေတဲ့အတွက်ကြောင့် ကျွန်တော့အနေနဲ့ ပျော်ရွှင်မှုကို ခံစားရတယ်၊ ပူပြင်းတဲ့နွေရာသီကိုလဲ ကြိုက်နှစ်သက်မိတယ်၊ ကျွန်တော့ အတွက်တော့ ပထမဦးဆုံးအကြိမ် ကြုံတွေ့ရတဲ့ အတွေ့အကြုံပါပဲ၊ လမ်းလျှောက် သင်္ကြန်ကို ပါဝင်ဆင်နွှဲခွင့်ရတာကလည်း ပျော်စရာအလွန်ကောင်းပါတယ် ”ဟုပြောသည်။

 

ဆက်လက်၍ ရုရှား-မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပသည့် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို သွားရောက် ပါဝင်ဆင်နွှဲကြပြီး ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးမှတ်တမ်းတင်ကြသည်။

         

သတင်း-နေစိုး၊ ဓာတ်ပုံ-လှမိုး