နေပြည်တော်၊ ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ပျော်ရွှင်စွာပါဝင်ဆင်နွှဲမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိ ရပ်ကွက်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်ရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့်ဇနီး၊ အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ ဌာနကြီးမှူးများ၊ ဝန်ထမ်းမိသားစုများ၊ နိုင်ငံကျော် အဆိုတော်များ၊ ယိမ်းအကအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ထို့နောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။
ယင်းနောက် နိုင်ငံကျော်အဆိုတော်များက မြန်မာ့ရိုးရာသင်္ကြန် တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ယိမ်းအကအဖွဲ့များက “မြူမှောင်ဝေကင်း သီချင်း”၊ “ဆောက်လုပ်ရေးမှကြိုနေမယ်သီချင်း”နှင့် “မန်းတောင်ရိပ်ခို” တေးသီချင်းများဖြင့် လည်း ကောင်း၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ယိမ်းအကအဖွဲ့များက သင်္ကြန် တေးသီချင်းများဖြင့်လည်းကောင်း၊ ကပြဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားသို့တက် ရောက်လာသူများကို အမွှေးနံ့သာရေဖြင့် ပက်ဖျန်း၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြသည်။
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာ သင်္ကြန်ပွဲတော်ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ရေကစားမဏ္ဍပ်၌ သင်္ကြန်အကြိုနေ့၊ သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့များတွင် နေ့စဉ်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိလည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း အဆိုတော် များ၊ ယိမ်းအကအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်၊ ရေကစားခြင်းများနှင့် စတုဒိသာ အကျွေးအမွေးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်