နေပြည်တော် ဧပြီ ၁၃

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ  ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ ချစ်ကြည်ရင်နှီးစွာဖြင့် ပျော်ရွှင်မှု ရရှိစေရန်နှင့် သင်္ကြန်ကာလကို ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန် ရည်ရွယ်၍ ယခုနှစ်တွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်း ကျင်းပပေးလျက်ရှိသည်။

အဆိုပါလမ်းလျှောက်သင်္ကြန်ကို  ပျဉ်းမနား - တောင်ညို လမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ ဇုန်လေးဇုန် သတ်မှတ်ပြီး သနပ်ခါးသင်္ကြန်ဇုန်၊ တိုင်းရင်းသားသင်္ကြန်ဇုန်၊ မြန်မာမှု မပျောက်ပျက်စေရန်နှင့် နိုင်ငံတကာ အဆင့်မီ အလှပြဖျော်ဖြေရေး အစီအစဉ်များဇုန်နှင့် လူငယ်နှင့် ကလေးငယ်များအတွက် လူငယ်ဂိမ်း သင်္ကြန်အစီအစဉ်ဇုန်များခွဲခြား၍ စိတ်ဝင်စားပျော်ရွှင်ဖွယ် ကျင်းပပေးလျက် ရှိသည့်အတွက် ယနေ့တွင် သင်္ကြန်ကို ချစ်မြတ်နိုးကြသည့် ပြည်သူများနှင့်အတူ ကလေး ငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားခဲ့သည်။

ထို့ပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်အတွင်းရှိ မဏ္ဍပ်များ၌ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များက DJ,  Music Band များနှင့်တွဲဖက်၍ ပရိသတ် အကြိုက် တေးသီချင်းများဖြင့် မြိုင်ဆိုင်စွာ သီဆိုဖျော်ဖြေခဲ့ကြသည့်အပြင် သနပ်ခါး သင်္ကြန်ဇုန်တွင် သနပ်ခါးများလိမ်းခြယ်ပြီး အတာသင်္ကြန်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ၍ ရအောင်စီစဉ် ဆောင်ရွက်ပေးထားခြင်း၊ တိုင်းရင်းသားသင်္ကြန်ဇုန်တွင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများကို ပြသထားပြီး တိုင်းရင်းသားညီ အစ်ကိုမောင်နှမများနှင့်အတူ ရေပက်ကစားနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်း၊ ဖျော်ဖြေရေးဇုန်တွင် နိုင်ငံတကာအဆင့်မီ ဖျော်ဖြေ တင်ဆက်မှုများနှင့် အလှပြ ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းစီစဉ်ဆောင်ရွက် ထားခြင်း၊ လူငယ်များနှင့် ကလေးများအတွက် အဓိကထားသည့် လူငယ်ဂိမ်းသင်္ကြန်ဇုန်တွင် Colour Party, Foam Party ဂိမ်း အစီအစဉ်များစွာကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်အောင် စီစဉ်ဆောင်ရွက်ထားခြင်း၊ လူကြီးများ ပါဝင်ဆော့ကစားနိုင်သည့် ရေလွှာလျှောစီးနှင့် ကလေးငယ်များအတွက် ပျော့အိကစားကွင်းများ ထည့်သွင်းတည် ဆောက်ထားခြင်းတို့ကြောင့် ပြည်သူများနှင့် ကလေးငယ်များပါ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

mdn

 

နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် တိုင်းရင်းသားသင်္ကြန်ဇုန်ကို တိုင်းရင်းသား သွေးချင်းညီအစ်ကိုများ ပါဝင်ဆင်နွှဲနိုင်ရန် ထည့်သွင်း ကျင်းပပေးသည့်အတွက် သင်္ကြန်ကို အခြေခံပြီး တိုင်းရင်းသားသွေးချင်း ညီအစ်ကိုများအားလုံး စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးဖြစ်စေရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုရရှိရန် များစွာအထောက်အကူ ဖြစ်စေခဲ့ကြောင်း နာဂတိုင်းရင်းသား တစ်ဦးက ပြောသည်။

လမ်းလျှောက်သင်္ကြန်တွင် ဝန်ကြီးဌာနများအလိုက် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ယိမ်း အဖွဲ့များ၏ ကပြဖျော်ဖြေ တင်ဆက်မှုများနှင့် နိုင်ငံကျော် အနုပညာရှင်များ၏ ဖျော်ဖြေတင် ဆက်မှုများကိုလည်း ကြည့်ရှုခံစားခွင့်ရရှိမည့်အပြင် ထူးခြားဆန်းသစ်စွာ တင်ဆက်ထား သည့် ခေတ် ၄ ခေတ် သင်္ကြန်ပွဲတော်  ဆင်နွှဲခဲ့မှုများကို အလှပြယာဉ်များဖြင့် သရုပ်ဖော်ပြသမှု အစီအစဉ်များကိုလည်း ထည့်သွင်းထားသည့်အတွက် လာရောက်လည်ပတ် သည့်ပြည်သူများ အထူးသဘောကျ နှစ်ခြိုက်ခဲ့ကြသည်။

ထို့ပြင် နေပြည်တော်ရှိ အများပြည်သူများ အနားယူ အပန်းဖြေနိုင်သည့်  နေပြည်တော် ရေပန်းဥယျာဉ်၊ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် အမျိုးသား အထိမ်းအမှတ်ဥယျာဉ် စသည့်နေရာများကို လှည့်လည်ကြည့်ရှု အနားယူအပန်းဖြေ ရေကစားနိုင်ရန်အပြင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၊ သံဝေဇနိယလေးဌာန၊ မဟာသကျရံသီ ရှပ်ရှင်တော်မြတ်ကြီး၊ ဓာတုဇယ ဓါတ်ပေါင်းစုစေတီတော်၊ ရန်အောင်မြင် ရွှေလက်လှ စေတီတော်စသည့် တန်ခိုးကြီးဘုရားများကိုလည်း သွားရောက်ဖူးမြော်နိုင် ကြောင်း သိရသည်။

သတင်းစဉ်