နေပြည်တော်၊ ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏အကြမ်းဖက်ဌာနချုပ် NUG ရုံးအဖြစ် တည်ဆောက်၍ ဧပြီ ၁၁ ရက်တွင် ဖွင့်ပွဲပြုလုပ်ရန်ရှိကြောင်း အကြမ်းဖက်မှုကို ရွံမုန်းနေသည့် ဒေသခံပြည်သူအချို့မှ အချိန်နှင့်နေရာအား ဧပြီ ၁၀ ရက် ညပိုင်းတွင် တိကျစွာ သတင်းပေးပို့လာခဲ့သည်။
သတင်းပေးပို့ချက်အရ ကျေးရွာအတွင်းနေ အပြစ်မဲ့ပြည်သူများ ထိခိုက်မှုမရှိစေရေး ကျေးရွာနှင့် အကြမ်းဖက် အခြေချစခန်းပြုလုပ်သည့်နေရာ အကွာအဝေးကို တွက်ချက်ကာ လေကြောင်း အကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းမှုများ ဆောင်ရွက်ခဲ့သဖြင့် အကြမ်းဖက် PDF ခေါင်းဆောင် သန့်ဇင်နှင့် အကြမ်းဖက် အဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူအချို့မှ လျှို့ဝှက်သတင်းပေးပို့လာခဲ့သည်။
ဖြစ်စဉ်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ ၎င်းအကြမ်းဖက်စခန်းတွင် ခင်းကျင်းပြသထားသော မိုင်းများ၊ လက်နက်/ ခဲယမ်းများ ထပ်မံပေါက်ကွဲမှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု ပိုမိုများပြားခဲ့ကြောင်း၊ သေဆုံးသူများသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) ရုံးခန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် PDF အကြမ်းဖက်သမားများ ဖြစ်ကြောင်းကိုလည်း ဒေသခံပြည်သူများနှင့် မီဒီယာများ၏ အင်တာဗျူးပြောဆိုချက် အသံဖိုင် သက်သေများအရ ကြားသိရကြောင်း၊ ၎င်းအပြင် အခမ်းအနားသို့ တက်ရောက်နေသော အကြမ်းဖက် သမားများနှင့် အားပေးသူများသည် လေယာဉ်သံကြား၍ အန္တရာယ်ကင်းရှင်းရေး ရှောင်တိမ်းစဉ် ပဇီကြီးကျေးရွာအနီးနှင့် အခမ်းအနားနေရာတစ်ဝိုက် ပတ်လည်ထောင်ထားသော အကြမ်းဖက် သမား၏ မိုင်းကွင်းမှ လက်လုပ်မိုင်းအများအပြားအား နင်းမိခြင်း၊ လူလုပ်ပဒေသာမိုင်းများ ထပ်ဆင့် ပေါက်ကွဲခြင်းတို့ကြောင့် ထိခိုက်သေဆုံးမှုများရှိကြောင်းကို ၎င်းတို့ကိုယ်တိုင် ထုတ်လွှင့်ထားသော ရုပ်/သံ ဗီဒီယိုများအရ သိရှိရသည်။

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ဝန်းကျင်သည် KIA သောင်းကျန်းသူနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း၍ စစ်ကိုင်းတိုင်းမြောက်ခြမ်း အဓိက စစ်ရေးလှုပ်ရှားရာနှင့် စစ်ကိုင်း တိုင်းတောင်ခြမ်းသို့ လက်နက်/ခဲယမ်းများနှင့် လေ့ကျင့်ပြီး အကြမ်းဖက်သမားများစေလွှတ်ရာ လမ်းကြောင်းပေါ်ရှိ အဓိက စခန်းထောက်နေရာဖြစ်ကြောင်း၊ PDF အကြမ်းဖက် စစ်သင်တန်းဆင်းပွဲများ မကြာခဏပြုလုပ်ခြင်း၊ နယ်မြေတစ်ဝိုက် မိုင်းထောင်ခြင်း၊ အခိုင်အမာစခန်းများ တည်ဆောက်ခြင်းဖြင့် PDF များ၏ လွတ်မြောက်နယ်မြေအဖြစ် လျာထား ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ ထိုသို့အကြမ်းဖက်လုပ်ရပ်များအတွက် ဥပဒေမဲ့ ပြုလုပ်နေမှုများကိုလည်း Social Media များပေါ်တွင် ထုတ်လွှင့်၍ အောင်ပွဲခံနေကြကြောင်း၊ ယခု ၎င်းတို့၏ ဌာနချုပ် စခန်းဖွင့်ပွဲကိုလည်း အရပ်ဝတ်များ ဝတ်ဆင်၍ တခမ်းတနားပြုလုပ်ပြီး ရုံးဖွင့်ပွဲအား ပြည်သူလူထုက ထောက်ခံသယောင် မီဒီယာများပေါ်တွင် ဝါဒဖြန့်မည့်အစီအစဉ်အား အကြမ်းဖက်မှုကို ရွံမုန်းပြီး နီးရာဓားကြောက်ရသည့် ရွာခံအချို့ထံမှ တိကျသော သတင်းရရှိထားကြောင်း၊ ဆက်သွယ်ရေးမြောင်းများဖြင့် စစ်အခြေချစခန်းသဖွယ် တည်ဆောက်ထားပြီး မိုင်းများလည်း ပတ်လည်ထောင်ထားကြောင်း၊ တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သောနေရာတွင် PDF အရေးကြီး ခေါင်းဆောင်နှင့် KIA သောင်းကျန်းသူများ၊ PDF အမည်ခံ အကြမ်းဖက်သမားများ စုဝေး ရောက်ရှိနေကြောင်းတို့ကို သတင်းအတိအကျရရှိသဖြင့် ကျေးရွာအပြင်ဘက်တွင် သီးခြားတည်ရှိ နေသော စစ်ဘက်ပစ်မှတ်တစ်ခုအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပဇီကြီးကျေးရွာအနီး အကြမ်းဖက်စခန်းအား အခြေပြု၍ လှုပ်ရှားနေသော KIA သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျေးရွာအတွင်း ပြောက်ကျားအခြေပြုရာမှ ရွာအပြင်တွင် တရားဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရုံး ဖွင့်လှစ်ရန် ကြိုးပမ်းလာခဲ့သည်။ အဆိုပါ အကြမ်းဖက် အဖွဲ့သည် ၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်မှ စတင်၍ ပင်လည်ဘူးမြို့နယ်အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့များမရှိစဉ် ပစ်ခတ်ဝင်ရောက်၍ ဆေးရုံ၊ စာသင်ကျောင်း၊ မီးသတ်အဆောက်အဦ၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘုရားကုန်းနှင့် လူနေအဆောက်အဦများကို အကာအကွယ်ရယူကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူနှင့် ဝန်ထမ်းများသေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာ ၇ ရက်တွင် ကန့်ဘလူမြို့နယ် ဂါးတာကျေးရွာမှ ငါးနှစ်အောက် ကလေးငယ် သုံးဦးအပါအဝင် အမျိုးသား ခြောက်ဦး၊ အမျိုးသမီးခြောက်ဦးတို့အား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကသာမြို့နယ် နောင်ပင်ကျေးရွာ၊ မိုးဒါကြီးကျေးရွာနှင့် ဟဲနားကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါကျေးရွာများမှ လူနေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၆၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ဖောက်ခွဲဖျက်ဆီး
အဆိုပါအဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာရှိ စာသင်ကျောင်းတွင် သဲအိတ်၊ ဘန်ကာများတည်ဆောက်ခြင်း၊ မိုင်းများ အတားအဆီးများချထားခြင်း၊ လေ့ကျင့်ရေးကွင်းများ ဖောက်လုပ်ခြင်းများ ပြုလုပ်၍ အခိုင်အမာစခန်း တည်ဆောက်ကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ရာ ၁၀၇ မမ ရှော့တိုက် ဒုံးသီးအပါအဝင် လက်နက်၊ ခဲယမ်း၊ ဗုံးသီးများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ အခြေပြုနေထိုင်ခဲ့သည့် အထောက် အထားများ မကျန်စေရန်အတွက် စာသင်ကျောင်းအား မီးရှို့၊ ဖောက်ခွဲဖျက်ဆီးခဲ့ကြပြီး ဖရိုဖရဲဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ
ဆက်လက်၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ခန့်မှစတင်ကာ ကသာမြို့နယ် မိုးတားလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ စာသင်ကျောင်းများအတွင်းသို့ အခိုင်အမာ ဝင်ရောက်နေထိုင်ကာ ဆက်ကြေးကောက်ခံခြင်း၊ ဒေသခံပြည်သူများအား နှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူတို့၏ လျှို့ဝှက်သတင်းပေးပို့ချက်အရ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation) ကို ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့ပြီး တိုက်ပွဲခုနစ်ကြိမ်ဖြစ်ပွားခဲ့ကာ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ အကြမ်းဖက် အဖွဲ့ကြောင့် ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပြုပြင်ပေးခဲ့ရသည်။
ဖေဖော်ဝါရီ ၉ ရက်တွင် ကန့်ဘလူမြို့နယ် စံပယ်နံ့သာကျေးရွာနှင့် တန့်ဆည်မြို့နယ် အင်ကုက္ကားကျေးရွာများရှိ ဒေသခံပြည်သူများအား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာသူ/ကျေးရွာသား ရှစ်ဦးသေဆုံးခဲ့ပြီး ကလေးသူငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ် ၂ ရက်တွင် ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့များ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ၎င်းအကြမ်းဖက်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ရကြောင်း၊ မတ် ၃၀ ရက်တွင် ကန့်ဘလူမြို့နယ် ပေါက်ကုန်းကျေးရွာ၌ အပြစ်မဲ့ပြည်သူ ၅၀ အား ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကိုးဦးအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်၍ လူနေအိမ် ၆၂ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ် ၁၄ ရက်နှင့် ဧပြီ ၄ ရက်များတွင် ကန့်ဘလူမြို့နယ် ဇင်း Station အား တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် အဆိုပါစစ်ကိုင်းတိုင်း မြောက်ခြမ်းကျေးရွာအုပ်စုများရှိ ပြည်သူ အများစုသည် အကြမ်းဖက်အဖွဲ့အား ကြောက်ရွံ့ ရွံရှာမုန်းတီးကြလျက် အဆိုပါအဖွဲ့၏ အလစ်အငိုက်များ၌ မိမိတပ်မတော် စစ်ကြောင်းနှင့် လုံခြုံရေးအဖွဲ့များထံသို့ အခါအားလျော်စွာ လှုပ်ရှားမှုသတင်းများကို လျှို့ဝှက်ပေးပို့လျက်ရှိသည်။
သိမ်းဆည်းရမိ
ဧပြီ ၈ ရက်တွင် ရွှေကူမြို့နယ်အတွင်း KIA သောင်းကျန်းသူနှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဧရာဝတီမြစ် အရှေ့ခြမ်းတွင် NUG အကြမ်းဖက်အဖွဲ့၏ အရှေ့ဘက်ဌာနချုပ် တစ်ခုအဖြစ် အခြေပြုရန် ကြိုးပမ်းလျက်ရှိသော မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန်ကျေးရွာများ တစ်ဝိုက်ကိုလည်း တပ်မတော်စစ်ကြောင်းများက မတ် ၂၃ ရက်မှ ဧပြီ ၈ ရက်အထိ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရပြီး အကြမ်းဖက်အဖွဲ့များ ထံမှ အလောင်း ၁၇ လောင်း၊ လက်နက်/ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။
ဌာနချုပ်များ တည်ဆောက်ရန်
အထက်ပါ အကြမ်းဖက်ဖြစ်စဉ်များသည် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက KIA သောင်းကျန်းသူအဖွဲ့များ၏ ကူညီထောက်ပံ့မှုများရယူ၍ စစ်ကိုင်းတိုင်းမြောက်ဘက်ခြမ်း၊ ဧရာဝတီမြစ်အရှေ့ဘက် ရွှေကူမြို့ တောင်ဘက် စီသောင်ကျေးရွာတွင် အရှေ့ပိုင်းဌာနချုပ်အဖြစ် လည်းကောင်း၊ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် အနောက်ပိုင်း ဌာနချုပ်အဖြစ်လည်းကောင်း ဌာနချုပ်များ တည်ဆောက်ရန် လုပ်ဆောင်လာခဲ့မှုများကြောင့် ရပ်ရွာ တည်ငြိမ်အေးချမ်းရေးနှင့် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်စေရေးအတွက် လိုအပ်သော အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter – Terrorism Operation) တစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။
တိုက်ခိုက်ချေမှုန်း
မိုးဒါကြီး၊ မိုးတားလေး စသော ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းဖြစ်စဉ်များတွင် အကြမ်းဖက် အဖွဲ့များအနေဖြင့် KIA သောင်းကျန်းသူအဖွဲ့၏ အထောက်အပံ့ကို အဓိကရယူ၍ ရွှေကူမြို့နယ် စီသောင်တစ်ဝိုက် ဌာနချုပ်အဖြစ် တည်ဆောက်ရန် ကြိုးပမ်းမှုအပေါ် တပ်မတော်အနေဖြင့် စနစ်တကျစုဖွဲ့ကာ လက်ဦးမှုရယူ၍ ချေမှုန်းနိုင်ခဲ့သော်လည်း ဒေသခံပြည်သူတို့၏ အချိန်နှင့်နေရာအတိအကျ သတင်းပေးပို့ချက်အရ အနောက်ဘက် ပဇီကြီးကျေးရွာတွင် ဌာနချုပ်အဖြစ် ဖွင့်လှစ်ရန် လုပ်ဆောင်မှုကို တားဆီးရန် တပ်မတော်စစ်ကြောင်းများ အလှမ်းကွာဝေးမှုကြောင့် စနစ်တကျ တွက်ချက်၍ လေကြောင်း အကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်သည်။
ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အနီးဖြစ်စဉ်တွင် PDF အကြမ်းသမားများကို ဦးတည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်မှုကို အားပေးထောက်ခံသည့် အရပ်ဝတ်အကြမ်းဖက်သမားအချို့ ဆက်စပ်သေဆုံး မှုများရှိနိုင်ကြောင်းနှင့် အကြမ်းဖက်မှုများတွင် ဆက်စပ်ပါဝင်သူများသည် အရပ်ဝတ်ပင် ဝတ်ဆင်ထားစေကာမှု အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုတွင် အကျုံးဝင်သူများ ဖြစ်ပါသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၆)တွင် “အကြမ်းဖက်အုပ်စု ဖွဲ့စည်းရန်၊ အကြမ်းဖက်အုပ်စုတစ်ခုခုတွင် သိလျက်နှင့်ပါဝင်ဆောင်ရွက်ရန်၊ တာဝန်ပေး၍ လှုပ်ရှားဆောင်ရွက်စေရန်ပြုလုပ်မှုများ”သည်အကြမ်းဖက်မှုဖြစ်သည်ဟုလည်းကောင်း ပုဒ်မခွဲ(ပ)တွင် “အကြမ်းဖက်သမားဆိုသည်မှာ အကြမ်းဖက်မှု တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်းဖြင့် ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ရန် အားထုတ်သူ ကိုယ်တိုင်သော်လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ် ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှု ကျူးလွန်ရန် အခြားသူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံးသိမ်းသွင်းသူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှု ကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင်ထောက်ပံ့သူကို လည်းကောင်းဆိုသည်” ဟု လည်းကောင်း ပြဋ္ဌာန်းထားချက်များနှင့်အညီ အကြမ်းဖက်အဖွဲ့များ၏ နေရာတွင် ရောက်ရှိနေသူများသည် အကြမ်းဖက်အဖွဲ့များတွင် ဆက်စပ်ပါဝင် ပတ်သက်သူများ ဖြစ်ပါသည်။
ပဇီကြီးကျေးရွာအနီး KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ တိုက်ခိုက်ချေမှုန်းခံရမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့် ရှိသူအပါအဝင် နိုင်ငံကြီး ခုနစ်နိုင်ငံအနေဖြင့် တရားဝင်ထုတ်ပြန်သော ဖြစ်စဉ်အမှန်ကို လျစ်လျူရှု၍ ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။
အဆိုပါ နိုင်ငံကြီးများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ အပါအဝင် ဖြစ်ပွားနေသော ကမ္ဘာ့ရေးရာ ပဋိပက္ခများတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ရနိုင်သည့် အခွင့်အလမ်းအပေါ်မူတည်၍ ရေငုံနှုတ်ပိတ် နေလျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။ ဒီမိုကရေစီနှင့် ပြည်သူဟု ကြွေးကြော်နေသော်လည်း မိမိတို့နိုင်ငံ၏ လက်ရှိပကတိအမှန်တရားကို မှန်ကန်စွာမသုံးသပ်ဘဲ ပြည်သူအပေါ် နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်နေသော အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို သွယ်ဝိုက်၍ သော်လည်းကောင်း၊ တိုက်ရိုက်သော် လည်းကောင်း အားပေးအားမြှောက်ပြု၍ နိုင်ငံငယ်များအပေါ် ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့် နှိပ်ကွပ်လျက်ရှိကြောင်း တွေ့ရှိရသည်။
အပြီးသတ်ရှင်းလင်းရန်ဆောင်ရွက်နေ
လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့များ၊ အကြမ်းဖက်သမားများကို တားဆီးနှိမ်နင်းရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး ဆင်နွှဲနေရသော်လည်း လက်နက်ကိုင် ပဋိပက္ခများတွင် လိုက်နာရသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၏ အဓိက အခြေခံသဘောတရားများ ဖြစ်သော အရပ်သားများနှင့် အကြမ်းဖက်တိုက်ခိုက်သူများအကြား၊ ကျေးရွာအဆောက်အဦများနှင့် အကြမ်းဖက်အဖွဲ့ အခြေချနေရာများအကြား ခွဲခြားခြင်း (Distinction)၊ အကြမ်းဖက်သမားများကို တိုက်ခိုက်ရာတွင်လည်း မြို့ရွာများနှင့် အပြစ်မဲ့အရပ်သား ပြည်သူများကို ဆက်စပ်၍သော်လည်းကောင်း၊ မတော်တဆသော်လည်းကောင်း ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံတိုက်ခိုက်ခြင်း (Proportionality)၊ လူသားချင်းစာနာမှု (Humanity) စသည့် အခြေခံသဘော တရားနှင့်အညီ တိုက်ခိုက်လျက်ရှိသည့်အပြင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆိုင်ရာ ဒေသအလိုက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement-ROE) ကိုလည်း ထုတ်ပြန် ပေးထားကာ လိုက်နာဆောင်ရွက်စေလျက်ရှိပြီး အဆိုပါအကြမ်းဖက်ဌာနချုပ် ဖွင့်လှစ်ရန် လျာထားသည့် ပဇီကြီးကျေးရွာအနီးရှိနေရာကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးသတ် ရှင်းလင်းရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်