နေပြည်တော်၊ ဧပြီ  ၁၃

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့  ရပ်ကွက်(၁)၊ မြို့အဝင်မုခ်ဦးအနီး  ရန်တိုင်းအောင်ဘုရား ဝင်းအရှေ့ပန်းခြံအနီးရှိ  ကားများရပ်နားထားသည့်နေရာ၌  ယနေ့နံနက်ပိုင်းက PDF အမည်ခံအကြမ်း  ဖက်သမားများက  လက်လုပ်ဗုံးဖြင့်  ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြိုနေ့ အခါသမယတွင်  ဒေသခံ  ဘုရားဖူးပြည်သူများနှင့် ပန်းခြံသို့ လာရောက်လည်ပတ်သူများ စည်ကား သိုက်မြိုက်လျက် ရှိသည့် လားရှိုးမြို့ ရပ်ကွက်(၁) မြို့အဝင် မုခ်ဦးအနီး ရန်တိုင်းအောင်ဘုရား ဝင်းအရှေ့ပန်းခြံအနီးရှိ ကားများရပ်နားထားသည့်နေရာ၌ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် Honda Fit အနီရောင်ယာဉ်ပေါ်မှ PDF အမည်ခံ အကြမ်းဖက်သမား များထောင်ထားသည့် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများ ၏ ဗုံးထောင်ဖောက်ခွဲမှုကြောင့် ဘုရားဖူးလာရောက်ကြသည့် အပြစ်မဲ့ပြည်သူ လေးဦးသေဆုံးခဲ့ ပြီး အသက်သုံးနှစ်အရွယ်ကလေး ငယ်တစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

 

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက် ရှိကြောင်းနှင့်ယခုကဲ့သို့ မြန်မာလူမျိုး များ၏ အထွတ်အမြတ်ထားရာ နှစ်သစ်ကူး အကြိုအခါသမယတွင် ဘုရားဖူး ဒေသခံပြည်သူများနှင့် ပန်းခြံသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည့် နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများ အား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

 သတင်းစဉ်