နေပြည်တော်၊ ဧပြီ ၁၅
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဧပြီ ၁၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်နှင့်မြို့နယ် သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပေါက်ခေါင်းမြို့နယ်၊ ဖြူးမြို့နယ်၊ ရေတာရှည်မြို့နယ်၊ လက်ပံတန်းမြို့နယ်နှင့် အုတ်ဖိုမြို့နယ်များအတွင်း တရားမဝင် ကျွန်းသစ် (၁၁.၆၉၆) တန်နှင့် အခြားသစ်မျိုးစုံ (၃ ဒသမ ၄၈၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၇၄,၄၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧပြီ ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Aero Walk တံဆိပ်ပါ အမျိုးသမီးစီး ဖိနပ် (၅၀၀၀) ရန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၅၀၀,၀၀၀) နှင့် အဆိုပါလူသုံးကုန်ပစ္စည်းများ တင်ဆောင်သော Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဧပြီ ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်၊ ပြည်ပ (ထွက်ခွာ) ဂိတ်၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်၏ ခရီးဆောင်အိတ်အတွင်းမှ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Dji Mavic 3 Cine Drone တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၃၇၄,၄၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။
သတင်းစဉ်