နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) သံတမန်မဟာသင်္ကြန်ရေသဘင် ပွဲတော် ကျင်းပ
ရန်ကုန်၊ ဧပြီ ၁၅
၁၃၈၅ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ သံတမန်မဟာသင်္ကြန်ရေသဘင် ပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သံတမန်လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ခြံဝန်းရှိ မြက်ခင်းပြင်၌ ကျင်းပသည်၊၊
မြန်မာရိုးရာရေသဘင် ပွဲတော်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်ဇနီး၊ ရန်ကုန်မြို့ အခြေစိုက်နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးချုပ်ရုံးများမှ ကိုယ်စားလှယ်များနှင့် ပြည်ပစီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၏ မိသားစုဝင်များတက်ရောက်ကြသည်၊၊
အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားနှင့် နှစ်သစ်ဆုမွန်ကောင်း စကားပြောကြားသည်၊၊
ထို့နောက် မြန်မာရိုးရာ ရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲကြသူများကို မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံသည်၊၊
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်ဇနီး တက်ရောက်လာကြသည့် သံတမန်များနှင့် ဧည့်သည်တော်များသည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ လှပျိုဖြူများက သင်္ကြန် ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ပျော်ရွှင်စွာစုပေါင်း ရေကစားခဲ့ကြကြောင်းသိရသည်၊၊
သတင်းစဉ်