နေပြည်တော်၊ ဧပြီ ၁၅

 

နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း အားကစားမောင်မယ်များ အတာသင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့ (သင်္ကြန် အကြတ်နေ့) နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေး စခန်းတို့၌ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဇနီး၊ တာဝန်ရှိသူများသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဌာနခွဲအသီးသီးမှ စတုဒိသာကျွေးမွေးသည့် မြန်မာ့ရိုးရာ အစားအစာများကို စားသောက်ပြီး လမ်းလျှောက်သင်္ကြန် (အကြတ်နေ့)ကို ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ဌာနခွဲများမှ ဝန်ထမ်းများက မြန်မာ့ရိုးရာသင်္ကြန်သီချင်းများ၊ သင်္ကြန်အကများနှင့် Fitness Dance များဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဖျော်ဖြေရေးအဖွဲ့များအား ဆုငွေများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း၊ အားကစားမောင်မယ်များ အတာသင်္ကြန်မဏ္ဍပ်၌ ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားမောင်မယ်များ၊ မြန်မာ့လက်ရွေးစင် အားကစားမောင်မယ်များနှင့် လူငယ်အားကစား လေ့ကျင့်ရေးစခန်းမှ အားကစားမောင်မယ်များ၏ ရခိုင်ရိုးရာသင်္ကြန် ရေပက်ကစားနေမှု၊ ဂျူဒိုအားကစားနည်းမှ ဂျပန်နည်းပြ YAMATO HIRANUMA က မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေမှု၊ ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံး အားကစားမောင်မယ်များက ကမ္ဘောဒီးယား သီချင်းဖြင့် သီဆိုဖျော်ဖြေမှု၊  အားကစားအဖွဲ့များမှ အားကစားမောင်မယ်များ၏ သင်္ကြန်သီချင်း၊ သင်္ကြန်အကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေး မှူးချုပ်တို့က  ဖျော်ဖြေရေးအဖွဲ့များအတွက် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ကြကာ  မြန်မာ့ရိုးရာအတာ သင်္ကြန်(အကြတ်နေ့)ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

 

သတင်းစဉ်