ပဲခူး ဧပြီ ၁၆

၁၃၈၄ ခုနှစ် မဟာသင်္ကြန်ကာလတွင် ပဲခူးမြို့ရွှေဂူလေးဘုရားအနီးရှိ စမ်းချောင်းတွင် နေ့စဉ်လာရောက်၍ ရေဆော့ကစားကြသူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

ပဲခူး မဟာသင်္ကြန် ရေသဘင်ပွဲတော်သို့ လာရောက်ရေကစားကြသူများသည် ပဲခူးမြို့၏ဗဟိုမဏ္ဍပ်နှင့် ပဲခူး သနပ်ပင်လမ်းမကြီး လိပ်ပြာကန်အနီးရှိ လူစည်ကားရာ ရေကစားမဏ္ဍပ်များတွင် ပျော်ရွှင်အေးချမ်းစွာ ရေကစားကြပြီး ရွှေဂူလေးဘုရားအနီးရှိ စမ်းချောင်းတွင် ပျော်ရွှင်အေးချမ်းစွာဖြင့် လာရောက်ရေဆော့ကစားကြသည်မှာ မဟာသင်္ကြန်အကြိုနေ့မှ စတင်ကာ ယနေ့မဟာသင်္ကြန်အတက်နေ့အထိဖြစ်ကြောင်း သိရသည်။

ရွှေဂူလေးဘုရားအနီးရှိ စမ်းချောင်းမှရေသည် မဇင်းဆည်မှ စီးဆင်းလာသည့်ရေများဖြစ်ပြီး ယခင် မဇင်းဆည်မတည်ဆောက်မီက တောင်ကျစမ်းရေများဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

စမ်းချောင်းအတွင်း ရေကစားကြသူများသည် ဘောကွင်းများအသုံးပြုကာ ရေကူးခြင်း တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာ ရေပက်ကစားခြင်း အနီးရှိတဲငယ်လေးများတွင် နားနေအပန်းဖြေခြင်းဖြင့် မဟာသင်္ကြန်အား ပျော်ရွှင်အေးချမ်းစွာ ဆင်နွဲကြကြောင်း သိရသည်။

"သည်နေရာလေးက နွေအခါမှာ အနားယူ အပန်းဖြေလို့ကောင်းတဲ့ နေရာလေးတစ်ခုပဲ၊ စားသောက်စရာဆိုင်တွေ အနားယူဖို့ အဆောက်အဦလေးတွေ ရှိတယ်။ အခုထက်ပိုပြီး သန့်ရှင်းအောင်ပြုလုပ်ထားပြီး လာရောက်ကြသူတွေကို ဆွဲဆောင်မှုရှိတဲ့ အပြင်အဆင်မျိုး ပြုလုပ်ထားမယ်ဆိုရင် ပဲခူးမြို့ရဲ့ဒေသတွင်း ခရီးသွားလာမှုကို အများကြီးအထောက်အကူဖြစ်စေပြီး ခရီးသွားတွေ ပိုလာရောက်နိုင်မယ်"ဟု လာရောက်ရေဆော့ကစားသူတစ်ဦး က ပြောသည်။

မောင်ယဉ်ဦး