မင်းဘူး ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်) နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးပြည်သူ ငါးသိန်းခန့် လာရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါပိတ်ပွဲအခမ်းအနားသို့ မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ ပါဒစေတီတော်နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက မန်းရွှေစက်တော်ဘုရား ပါဒစေတီတော်နှစ်ဆူအား နမ္မဒါရေစင်သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက် ဖန်အုပ်ဆောင်းတော်အား စက်ခလုပ်နှိပ် ပိတ်သိမ်းခြင်းနှင့် အထက်စက်တော်ရာ ပါဒစေတီတော် ခြေတော်ရာသံတံခါးအား ပိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် ပါဒစေတီတော်နှစ်ဆူ ခြေတော်ရာပိတ်သိမ်းပွဲ အောင်မြင်ခြင်း အထိမ်းအမှတ် မဟာအလှူတော်မင်္ဂလာအခမ်းအနားကို မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင် သာသနာ့ဗိမ္မာန်တော်၌ ဆက်လက်ကျင်းပခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြသူများက ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ငါးပါးသီးလခံယူ ဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေခဲ့ကြသည်။
ဆက်လက်၍ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်ဦးကုသိုလ်အဖြစ် မန်းရွှေစက်တော်ဘုရား မန်းချောင်းအတွင်း ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြုခဲ့ကြသည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ထင်ရှားကျော်ကြားပြီး ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးဖြစ်ကြောင်း၊ ပွဲတော်စတင်ဖွင့်လှစ် ခဲ့သည့်နေ့မှစ၍ ယနေ့အထိ ဘုရားပွဲကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူပေါင်း ငါးသိန်းခန့်နှင့် မော်တော်ယာဉ်အစီးရေပေါင်း ၅၆၀၀၀ ကျော် လာရောက် ခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)