နေပြည်တော်၊ ဧပြီ ၁၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ 
ဧပြီ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသော ယောင်္ကျားစီးဖိနပ် (၃၆၀၀) ရန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၆၀,၀၀၀) ကိုလည်း ကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်သော Hino Profia Truckတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၅၆၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ဧပြီ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ တာဝန်ကျလှည့်ကင်းအဖွဲ့က ပိန်းဆာကျေးရွာအနီး ရှောင်ကွင်းလမ်း တစ်နေရာတွင် စုပုံထားသော ကုန်ပစ္စည်းများအားတွေ့ရှိသဖြင့် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းသို့ သယ်ဆောင်၍ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ VLT တံဆိပ်ပါ Battery (၅၃) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၉၄၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်၊ ပျဉ်းကတိုးသစ်နှင့် ကောင်းမှုသစ် (၂၅ ဒသမ ၈၆၃၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၇၁၂,၅၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၁၅ ရက်နှင့် ၁၆ ရက် များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၂၁၂,၅၈၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှသိရသည်။

သတင်းစဉ်