နေပြည်တော်၊ ဧပြီ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့ (မြန်မာ နှစ်ဆန်းတစ်ရက်နေ့) နံနက် ၇ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။  

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့်ဇနီး၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၏ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ ၊  ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ ၁,၅၀၀ အား ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်တွင်းသို့ ကုသိုလ်ပြု လွှတ်ပေးခဲ့ကြသည်။

ထို့နောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားအား နံနက် ၉ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၄၂)၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများရှိ အသက် ၇၅ နှစ်နှင့်အထက် အဘိုး ၁၁ ဦး၊ အဘွား ၂၂ ဦး စုစုပေါင်း ၃၃ ဦး အနက် တက်ရောက်နိုင်သူ အဘိုး၊ အဘွား ၁၄  ဦးကို ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့ ဦးဆောင်၍ မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာနှင့်အညီ နှစ်သစ်ကူးကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော် ကန်တော့ခဲ့ကြပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးက ဆုတောင်းမေတ္တာစကား ပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘိုးဘွားများကို ရင်းနှီးစွာ ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

mdn