ရန်ကုန်၊ ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်နှစ်ဟောင်း ကုန်လွန်၍ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ် ကောင်းမှု ပြုသူများဖြင့် စည်ကားလျှက် ရှိသည်၊၊

ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာ အခါတော်နေ့  ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင် သတ်မှတ်နေရာ များ၌ ကျင်းပသည်၊၊ 

ဦးစွာရွှေတိဂုံဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံး ဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်၊၊ 

ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေး သံဃာတော်များအား စေတီတော်ရှိ အဖျောက်တန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်၊၊

ယင်းနောက် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာ အခါတော်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းနှင့် ရေစက်ချပွဲ အခမ်းအနားကို စေတီတော်ရင်ပြင်  ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ  ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ မဟာဝိသုဒ္ဒါရုံတိုက်သစ် ဦးစီးပဓာန နာယကတိပိဋကဓရ တိပိဋကဘဏ္ဏာဂါရိက အဂ္ဂမဟာပဏ္ဏိတ (ယောဆရာတော်) ဘဒ္ဒန္တ သီရိန္နာဘိဝံသ ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက နဝင်္ဂသီလခံယူ ဆောက်တည် ကြသည်၊၊ 

ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးမင်းလွင်က အဖွင့်မင်္ဂလာစကား လျှောက်ထားသည်၊၊

ထို့နောက်ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ နှစ်သစ်မင်္ဂလာအန္တရာယ် ကင်းပရိတ်တရားတော်များ နာယူကြပြီး လှူဖွယ်ဝတ္တုပစ္စည်းများဆက် ကပ်လှူဒါန်း ကြသည်၊၊

ယင်းနောက်ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာဂန္တဝါစက ပဏ္ဏိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်၊၊

ထို့ပြင် မဟာဝိဇယ စေတီတော်မြတ်ကြီး၏ ဂန္တကုဋီတိုက်အတွင်းရှိ အပ္ပရာဇိတပလ္လင်ပေါ်၌ သီတင်းသုံး စံပယ်လျှက်ရှိသည့် မုဥ္ဇလိန္ဒာနဂါးမျိုးနွယ် ကိုးကောင်တို့က ဆင်းတုတော်အား အသွယ်သွယ်ရစ်ပတ်ကာ ခန္ဓာကိုယ်များကို သင်္ကန်းသဖွယ်ကပ်လှူပူဇော်ထားသော နာဂစိဝရာ ပဋပဋိမာ မြတ်စွာဘုရားဆင်း တုတော်မြတ်ကို ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ဘာဏုရာဇာနေမင်းကြီးသည် မိမိအလင်းရောင်ဖြင့် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်၊ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နံနက် ၈ နာရီ ၃၅မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင ်ပူဇော်မှုကို ဘုရာဖူးလာပြည်သူများ ကလာရောက်ဖူးမြော် ကြည်ညိုနေသည်မှာ စည်ကားလျှက်ရှိပြီး မဟာဝိဇယစေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မဟာဝိဇယ စေတီတော်လိပ်ကန်အတွင်းသို့ ဇိဝိတဒါနအဖြစ်ငါး လုပ်ငန်း ဦးစီးဌာနက သတ်မှတ်ထားသည့်ငါးအကောင်ရေ (၅)သောင်းကိုလွှတ်ပေးကြသည်၊၊

အလားတူရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်မြေတွင် တည်ထား ကိုးကွယ်လျှက်ရှိသော ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့ နှစ်သစ်မင်္ဂလာ အခမ်းအနား၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၊ ဆူးလေစေတီတော်၊ ဝရဒါဋ္ဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ ရွှေဘုန်းပွင့် စေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရားတို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တော်များနာယူခြင်း အခမ်းအနားတို့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပကြပြီး ဘုရားဖူးလာ ပြည်သူများအား စေတနာရှင်အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသည်၊၊

ယနေ့မြန်မာ နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်တိုင််းဒေသကြီး မြို့နယ်များရှိ ရက်ကွက်များတွင် လမ်းအလိုက် ဆရာတော်သံဃာတော်များ ပင့်ဖိတ်၍ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကြပြီး မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည့်အားလျော်စွာ ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ် တရားတော်များ ရွတ်ဖတ်ခြင်း ၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြပြီး ခေါင်းလျော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်း လောင်လှူခြင်း အစရှိသည့် ကုသိုလ်ကောင်းမှု အလှူဒါန အစုစုတို့ကို ကျင်းပကြသည်ကို မြန်မာပြည်အနှံ့ ကြည်နှုးဖွယ် ရာ တွေ့မြင်ရသည်မှာ ကောင်းမြတ်သော မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာများကို နောင်လား နောင်သား မျိုးဆက်များ ထိန်းသိမ်းနိုင်ကြစေရန် လက်ဆင့်ကမ်း အမွေအနှစ်ပုံရိပ်ကောင်းများပင် ဖြစ်ပေတော့သည်၊၊

သတင်း-ဇော်မင်းလတ်၊ဓါတ်ပုံကိုကိုဇော်