နေပြည်တော်၊ ဧပြီ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့၊ အန္တရာယ်ကင်း ပရိတ်တရားနာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ သီရိဂန္ဓမာ သပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အရှင်ဂန္ဓမာလာ အမှူးပြုသော ဆရာတော် အရှင်သူမြတ်များ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး ဒေါ်ကြည်ကြည်မေ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။
ဦးစွာ ဆရာတော်ဘဒ္ဒန္တအရှင်ဂန္ဓမာလာထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဈ္ဇယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

သတင်းစဉ်