မန္တလေး၊ ဧပြီ ၁၇
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင်တွင် ကျန်းမာရေး စောင့်ရှောက်မှုများခံယူ သီတင်းသုံးတော်မူနေသည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်နေမှု အခြေအနေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးကျော်ဆန်းတို့က ယမန်နေ့ ညနေပိုင်း၌ သွားရောက်ဖူးမြော်ခဲ့ကြသည်။
ဦးစွာ ဆရာတော်ကြီးအား ဖူးမြော်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဦးမောင်ကိုနှင့်အဖွဲ့ကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့် အထူးကုဆရာဝန်ကြီးများက ဆရာတော်ကြီး၏ ကျန်းမာရေး တိုးတက်ကောင်းမွန်နေသည့် အခြေအနေများ၊ အနီးကပ် ကြီးကြပ်ကာ စနစ်တကျဆောင်ရွက် ကုသပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဆရာတော်ကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍ အထူးဂရုစိုက် ဆောင်ရွက်သွားကြရန်တို့ကို အလေးအနက်ထားမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယခုအခါ ဆရာတော်ကြီးမှာ သက်တော် (၉၄) နှစ်၊ သိက္ခာ (၇၄) ဝါ ရှိပြီး မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင် (၉ထပ်ဆေးကုသဆောင်) (၅) ထပ်ရှိ အထူးသီးသန့်ခန်းတွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးကုဆရာဝန်ကြီးများက အနီးကပ် ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိရာ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက် ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်