နေပြည်တော် ဧပြီ ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ ပရိတ် တရားတော်နာယူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်ခင်ပွန်း ဒေါက်တာအောင်ကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်း ပဓာနနာယက ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ္ဇ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ္ဇ ဒေါက်တာအရှင်ဝါယမနှင့် ကိုးခန်းကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ္ဇ၊ သာသနဓဇ္ဇ ဓမ္မာစရိယ ဝိနယ ဝိဒူ ဘဒ္ဒန္တ အာစိဏ္ဏ တို့ အမှူးပြုသော သံဃာတော်များ ကြွရောက်ကြသည်။ ဦးစွာကိုးခန်းကြီး ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏ ထံမှ ငါးပါးသီလခံယူကာ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမှုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ နှစ်ဦးအလှူ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ဝန်ကြီးဌာန ပရိဝုဏ်အတွင်းရှိ မင်္ဂလာကန်တွင် ကျင်းပရာ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ခင်ပွန်း၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ရွှေဝါငါးကြင်းသားပေါက်များကို ဇီဝိတဒါနအဖြစ် လွှတ်ပေးသည်။
ညနေပိုင်းတွင် သက်ကြီးပူဇော်ပွဲကို နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့ နယ်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် ခင်ပွန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်ဇနီး၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများက ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး ကန်တော့ခံ ဘိုးဘွားများကို ဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် အလှူရှင်များမှ လှူဒါန်းသည့်ဂါရဝပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ ဆက်လက်၍ ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘိုး တစ်ဦးက နှစ်သစ်ဆုတောင်း မေတ္တာစကား ပြန်လည်ပြောကြားသည်။
သတင်းစဉ်