နယူးဒေလီ၊ ဧပြီ ၁၈
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်တရာပြည်နယ်ရှိအစိုးရက မကထပြုလုပ်သော ဆုပေးပွဲ အခမ်းအနား တက်ရောက်ပြီးနောက် အပူဒဏ်ကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဧပြီ ၁၇ ရက်က အရာရှိများက ပြောသည်။
အဆိုပါ အခမ်းအနားကို နာဗီမွမ်ဘိုင်းဒေသ လဟာပြင်ကွင်းတွင် ဧပြီ ၁၆ ရက်က ကျင်းပခဲ့သည်။ အဆိုပါ ဆုပေးပွဲကို နေခြစ်ခြစ်တောက် ပူလောင်မှုအောက်တွင် ငါးနာရီကြာကျင်းပခဲ့ကြပြီး လူပေါင်းထောင်ချီ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား ပြီးနောက် ပြည်သူများသည် ရေဓာတ်ခန်းခြောက်မှုနှင့် တခြားအပူနှင့် ပတ်သက်သော ဝေဒနာများကို ညည်းညူခဲ့ကြသည်ဟု အစိုးရအရာရှိတစ်ဦးက ပြောသည်။ ကံမကောင်းစွာဖြင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၄၄ ဦးကို ဆေးရုံ ပို့ခဲ့ရသည်ဟု အရာရှိများက ဆက်လက် ပြောကြားသည်။
လူနာများသည် အဓိက အားဖြင့် အပူလျှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် တခြားအပူနှင့် ပတ်သက်သော ဝေဒနာများကို ခံစားခဲ့ရကြောင်း ဆရာဝန်များက ပြောသည်။ အခမ်းအနား ကျင်းပ သူများသည် အရေးကြီးပုဂ္ဂိုလ်များအတွက် အမိုးအကာများ၊ စင်များ ဖန်တီးပေးခဲ့ပြီး တခြား အခမ်းအနားပွဲ တက်ရောက်သူများအတွက် နေရောင်ခြည်တိုက်ရိုက်ကျဆင်းမှုမှ ကာကွယ်ပေးမည့် မည်သည့်အမိုးအကာမှ ဖန်တီးပြုလုပ်ပေးခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
နာဗီမွမ်ဘိုင်းသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းနှင့် အနီးကပ်တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး မွမ်ဘိုင်းမြို့တော်၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ အခမ်းအနား ကျင်းပပြုလုပ်ချိန်တွင် အဆိုပါနေရာ၌ အပူချိန်သည် ၃၈ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ရှိကြောင်း သိရသည်။
အပူချိန် လွန်ကဲခြင်းကြောင့် ကျန်းမာရေးကျွမ်းကျင်သူများက ပြည်သူများကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်ရန်နှင့် အထူးသဖြင့် အပူချိန်အမြင့်ဆုံးဖြစ်သည့် နေ့လယ်ချိန်များတွင် နေရောင်ခြည် တိုက်ရိုက်မထိတွေ့ရန်အကြံပြုထားသည်။
ဆင်ဟွာ