မောင်သောင်းဝင်း(တမန်ဟောင်း)
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဦးတန်ခူးလဆုတ် ၁၃ ရက်(ဧပြီလ ၁၇ ရက်) တနင်္လာနေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။ ထိုနေ့တွင် မြန်မာနှစ်ဟောင်း ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်ဆိုသော နှစ်သစ်သို့ကူးပြောင်းသွားပြီဖြစ်သည်။ထိုနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် စစ်မှန်သော နှစ်သစ်ကူး နေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ ကိုယ်ချင်းစာတရားထားကာ ရိုင်းပင်းကူညီခြင်းစသည့် မင်္ဂလာရှိသော လုပ်ဆောင်မှုများဖြင့်သာ ဖြတ်သန်းသွားမည်ဆိုလျှင် တစ်နှစ်လုံးမင်္ဂလာ အပေါင်းနှင့်ပြည့်စုံနေမည်ဖြစ်သည်။ ကျန်းမာ ပျော်ရွှင်ကြမည် ဖြစ်သည်။ အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘဝအတွက်အရေးပါသော ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ် သွားသင့်သည်။ အရေးကြီးဆုံးအချက်မှာ နှစ်သစ်အတွက် ဆုံးဖြတ်ချက်မချမှတ်သေးမီ နှစ်ဟောင်းကာလတွင် ဆောင်ရွက်နိုင်ခဲ့မှုများကိုလည်း ပြန်လည်သုံးသပ်သွားသင့်ပေသည်။
မကောင်းမှုများကို ဆေးကြောသင့်
မြန်မာတို့သည် သင်္ကြန်ကာလတွင် နှစ်ဟောင်းမှ အညစ်အကြေးများ၊ မကောင်းမှုများ ပပျောက် ကင်းစင်ဆေးရန် ရေပက်ဖျန်းကြသည်ဟု ဆိုသည်။ ရေပက်ဖျန်းရုံမျှဖြင့် အညစ်ကြေးကို ဆေးကြော နိုင်မည် မဟုတ်ချေ။ လောဘ၊ ဒေါသ၊ မောဟကို မည်သည့် ရေပိုက်နှင့်မျှ ထိုး၍မရချေ။ တွေးတော ပြောဆိုပြုမူမှု မှန်သမျှကို ကိုယ်တိုင်သတိထား ဆင်ခြင်မှသာလျှင် တဖြည်းဖြည်း လျှော့ချနိုင်မည် ဖြစ်သည်။ နှစ်ဟောင်းတွင် အမှောင်ဖုံး၍ လွဲမှားစွာ ပြုမူခဲ့သည်များ ရှိကောင်းရှိနေနိုင်ပေသည်။ သို့သော် နှစ်သစ်တွင် သီလ၊ သမာဓိ၊ ပညာတို့ဖြင့် မကောင်းမှုများကို ဆေးကြောသွားသင့်သည်။ တတ်နိုင်ပါက လောဘ၊ ဒေါသ၊ မောဟဆိုသည့် ကိလေသာမှန်သမျှ ကို သီလ၊ သမာဓိ၊ ပညာဆိုသည့် မဂ္ဂင်ရှစ်ပါးဖြင့် ဆေးကြောသန့်စင်သွားနိုင်ပါသည်။ ကြိုးစားသွား ကြည့်မည်ဆိုလျှင် ထူးခြားမှု ရှိပါသည်။ ပီတိသုခကိုလက်တွေ့ခံစားရမည်ဖြစ်သည်။
အင်တိုက်အားတိုက်ကြိုးပမ်းသင့်
သင်္ကြန်ရုံးပိတ်ရက်တွင် လွတ်လပ်ပေါ့ပါးစွာ ရေကစားခဲ့ကြမည်ထင်သည်။ မိသားစုလိုက် အပန်းဖြေခရီးလည်း ထွက်ခဲ့ကြမည်ထင်သည်။ အမှန်တော့ သင်္ကြန်ကာလတွင် ဒါန၊ သီလ၊ ဘာဝနာ စသည့် မင်္ဂလာရှိသော ကောင်းမှုကုသိုလ်အဝဝဖြင့် အကျိုးရှိစွာ ဖြတ်သန်းခဲ့သူများသည် မျက်နှာများ ကြည်လင်နေပြီး နှစ်သစ်အတွက် စိတ်သစ်၊ ခွန်အား သစ်များ ပြည့်နေမည်ဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းတာဝန်များကိုလည်း စိတ်သစ်ကိုယ်သစ် ဖြင့် အင်တိုက်အားတိုက် ထမ်းဆောင်နိုင်ကြသည်။ သို့သော် သင်္ကြန်ရုံးပိတ်ရက်ကာလ တိုတောင်းလွန်းလှသည်ဟု ထင်သူများနှင့် လိုအပ်သည်ထက်ပိုကာ အပျော်လွန်ကဲသူများကတော့ ငေးငေးငိုင်ငိုင်ဖြစ်နေတတ်ကြသည်။ အလွန်အကျွံ ဝတ်စား ဆင်ယင်မှုများနှင့် သောက်စားပျော်ပါးမှုများအတွက် အကြွေးလည်း ဆပ်ကြရဦးမည်ဖြစ်ပေသည်။ မည်သည့် နေရာတွင်မဆို အလွန်အကျွံ လုပ်ဆောင်လျှင်တော့ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဦးတည်စေနိုင်သည်။
ပုံကြီးချဲ့ လုပ်ဆောင်နေ
၁၃၈၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ တချို့သောဒေသများတွင် အေးချမ်းတည်ငြိမ်မှု ပျက်ပြားခဲ့ သည်။ အထူးသဖြင့် NUG၊ PDF အကြမ်းဖက်အဖွဲ့များသည် အဖျက်အမှောင့်လုပ်ငန်းပေါင်းစုံ လုပ်ဆောင်ခဲ့ကြသည်။ ကလေးသူငယ်များနှင့် ရဟန်းသံဃာများအပါအဝင် ကျောင်းဆရာ ဆရာမ များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို လူမဆန်စွာသတ်ဖြတ်ခဲ့ကြသည်။ လမ်းတံတားများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ လျှပ်စစ်ဓာတ် အားပေးရုံများ၊ စာသင်ကျောင်းများ၊ ဆေးပေးခန်း များ အပါအဝင် နိုင်ငံပိုင်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ သို့သော်လူ့အခွင့်အရေး အမည်ခံနိုင်ငံတကာ အဖွဲ့အစည်းများသည် PDF အကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များကို လျစ်လျူရှုကာ ကုလသမဂ္ဂတွင် မြန်မာ့ အရေးကို ပုံကြီးချဲ့ဆွေးနွေးမှုများ လုပ်ဆောင်လျက် အစိုးရကို တစိုက်မတ်မတ် ပြစ်တင်ဝေဖန်လျက်ရှိ ကြသည်။ စိတ်မကောင်းစရာပင် ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အထောက်အကူမပြုသော လုပ်ရပ်များပင်ဖြစ်ပေသည်။ စင်စစ်အားဖြင့် လက်နက်ကိုင် အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည် မဟုတ်ချေ။
မေတ္တာအရင်းခံဖြင့်သာ
အမှန်စင်စစ်မှာမူ မေတ္တာတရားသည် အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ ထို့ကြောင့် နှစ်သစ်တွင် လူတစ်ဦးနှင့် တစ်ဦး၊ ဘာသာတစ်ခုနှင့် တစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု၊ နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံအကြား မေတ္တာထားသွားကြရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာလျှင် အချင်းချင်း အမြင်လွဲမှားနေမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ လူအချင်းချင်း ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့၊ ရာထူးကြီး၊ ငယ်၊ ဇာတ်နိမ့်၊ ဇာတ်မြင့် မခွဲခြားဘဲ မေတ္တာအရင်းခံဖြင့် သာ ဆက်ဆံသွားမည်ဆိုလျှင် အေးချမ်းသော လူ့အသိုက်အဝန်းကြီးကို ဧကန်မုချတည်ဆောက်နိုင် မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ကမ္ဘာကြီး သည် ထာဝစဉ်အေးချမ်းသာယာနေမည်ဖြစ်သည်။
နှစ်ဟောင်းတွင် အကောင်းနှင့်အဆိုး ဒွန်တွဲ၍ ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံများမှ သင်ခန်းစာဖော်ထုတ်ပြီး နှစ်သစ်အတွက် ဆောင်ရွက်ဖွယ်ရာများကို အကောင်းဆုံး ကြိုတင်ပြင်ဆင်သွားရန် လိုအပ်မည်ဖြစ်သည်။ အခြေခံအားဖြင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်များကို ပြင်ဆင်သွားကြရမည်ဖြစ်သည်။ အထူးသဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် လုပ်ကိုင်ရှာဖွေ စုဆောင်းကြရာတွင် စိတ်ကောင်းရှိရန်လိုသည်။ အရာရာတွင် ကိုယ်ချင်းစာတရား လက်ကိုင်ထားကြမည်ဆိုလျှင် အေးချမ်းသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနှစ်သစ်တွင် ကျွန်ုပ်တို့၏ ကိုယ်စီဘဝများ တိုးတက်အောင်မြင်ရေးအပြင် မိသားစု၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းပြည်အကျိုးကိုပါ သယ်ပိုးနိုင်ရေးအတွက်ဗြဟ္မာစိုရ်တရားကို လက်ကိုင် ထားလျက် ပြုမူကျင့်ကြံ နေထိုင်သွားရန် အထူးလိုအပ်ပေသည်။
စိတ်ကူးအိပ်မက်များ
နှစ်သစ်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများ ပိုင်ဆိုင်နိုင် ရေးအတွက် ကိုယ်စီစိတ်ကူးအိပ်မက်များရှိနေရန် လိုအပ်ပါသည်။ ထိုစိတ်ကူးအိပ်မက်များ အမှန် တကယ်ရုပ်လုံးပေါ်လာစေရန်အတွက် လက်တွေ့ကျကျ ကြိုးပမ်းအကောင်အထည် ဖော်သွားရန် လည်း လိုအပ်မည်ဖြစ်သည်။
ဆိုရလျှင်လူတစ်ဦးသည် လွန်ခဲ့သည့် တစ်နှစ်လုံးတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး စသည့် နယ်ပယ်တစ်ခုခုတွင် အောင်မြင်မှု တစ်စုံ တစ်ရာမျှ မရရှိခဲ့ဘူးဆိုလျှင် ထိုသူသည် တစ်နှစ် ဆိုသော အချိန်ကာလကို အကျိုးမဲ့ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။ အမှန်တော့ မနားမနေ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှသာလျှင် အောင်မြင်မှု ဆိုသောအရာကို ဆုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ စင်စစ်အားဖြင့် မျက်မှောက်ခေတ်ကြီးတွင် ပျင်းရိလေးလံတွေဝေ ထိုင်းမှိုင်းနေသောသူများအတွက် နေရာမရှိတော့ပေ။ အထူးသဖြင့် တန်ဖိုးရှိသော အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်းမရှိသူများ သည် အဘက်ဘက်မှ နောက်ကျကျန်ရစ်နေမည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်သည်။
ထို့ကြောင့် မြန်မာနှစ်သစ်တွင် အချိန်မဖြုန်းတော့ဘဲ ကိုယ်စီအလုပ်လုပ်ကြရတော့မည်ဖြစ် သည်။ နှစ်ဟောင်းတွင် အောင်မြင်မှုမရရှိခဲ့သည့် တိုင်အောင်နှစ်သစ်အတွက် ခွန်အားများ မွေးမြူသွား ကြရမည်ဖြစ်သည်။ လူတစ်ဦးချင်း၊ မိသားစုတစ်စု ချင်း၊ လူ့အသိုက်အဝန်းတစ်ခုချင်းမှသည် တိုင်းပြည် တိုးတက်ရေးကို ရည်မှန်းလျက် ကြိုးပမ်းသွားရန် လိုအပ်မည်ဖြစ်သည်။ လူတိုင်းတွင် လုပ်ဆောင်နိုင် သည့် စွမ်းအားများကိုယ်စီ ရှိနေသည်။ မလုပ်သေးလို့ပါ။ လုပ်မည်ဆိုလျှင် အောင်မြင်မှုသည် လက်တစ်ကမ်းတွင် ရှိနေသည်။ ထို့ကြောင့် နှစ်သစ်တွင် အောင်မြင်မှုတစ်ခုခုကို ရရှိအောင်ကြိုးပမ်းသွားမည်ဆိုသော စိတ်ကူးအိပ်မက်များကို ကိုယ်စီမက် ထားဖို့လိုသည်။
နှစ်သစ်တွင် မြန်မာပြည်သူအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ
ဆိုရလျှင် မြန်မာနှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဟောင်းတွင် အကောင်းနှင့် အဆိုးဒွန်တွဲ၍ ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံများမှ သင်ခန်းစာဖော်ထုတ်ပြီး နှစ်သစ်အတွက် ဆောင်ရွက်ဖွယ်ရာများကို အကောင်းဆုံး ကြိုတင်ပြင်ဆင်သွားရန် လိုအပ်မည် ဖြစ်သည်။ နှစ်သစ်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စီစိတ်ကူးအိပ်မက်များ ရှိနေရန်လိုအပ်သည်။ ထိုစိတ်ကူးအိပ်မက်များ အမှန်တကယ် ရုပ်လုံးပေါ်လာစေရန်အတွက် လက်တွေ့ကျကျ ကြိုးပမ်းအကောင်အထည်ဖော်သွားရန်လည်း လိုအပ်မည်ဖြစ်သည်။
နိုင်ငံသားတိုင်းသည် နှစ်သစ်တွင် လူမှုစီးပွား ဘဝများတိုးတက်စေရန်အတွက် အချိန်ကုန်အကျိုး ရှိစွာ အသုံးချသွားရန်လိုသည်။ အချိန်တိုင်း စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေသူတစ်ဦးသည် မအောင်မြင်စရာအကြောင်း မရှိချေ။ ထိုသို့အချိန်ကို တန်ဖိုးထားသော၊ ပြည်သူများ မှီတင်း နေထိုင်သော ပြည်ထောင်စုကြီးသည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီကို ထာဝစဉ်ခိုင်မြဲစွာ ထိန်းသိမ်းထား နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနှစ်သစ်တွင် ပြည်သူအားလုံး ဘေးဘယာဝေးကွာ၍ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ပျော်ရွှင်ချမ်းမြေ့သော ဘဝများကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလိုက်ရပါသည်။