ဧပြီ ၁၈

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် ယနေ့မနက်ပိုင်းက ခရီးသည်တင်ဘတ်စ်ကားနှစ်စီးတိုက်မိသဖြင့် ငါးဦးသေဆုံးပြီး အခြား ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားသည်။

 

အဆိုပါယာဉ်မတော်တဆမှုသည် ဆာကာခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးပန်ဂျပ်ပြည်နယ်သို့ဦးတည်မောင်းနှင်လာသော ဘတ်စ်ကားတစ်စီးနှင့် ပန်ဂျပ်ပြည်နယ်မှထွက်လာသော တခြားကားတစ်စီးတို့ အဝေးပြေးလမ်းပေါ်တွင် ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။

 

ဒဏ်ရာရသူများကို အနီးနားရှိဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် လူအများစုမှာ အခြေအနေစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

 

ရဲတပ်ဖွဲ့၏ကနဦးစုံစမ်းစစ်ဆေးတွေ့ရှိချက်အရ ပန်ဂျပ်ပြည်နယ်သို့ဦးတည်သွားနေသော ဘတ်စ်ကား အရှိန်လွန်မောင်းနှင်မှုကြောင့် ထိုမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ပါကစ္စတန်နိုင်ငံတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ယာဉ်စည်းကမ်းများချိုးဖောက်မှုနှင့် လမ်းများကောင်းမွန်မှု မရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို