နေပြည်တော် ဧပြီ ၁၈
မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး အကြိုညှိနှိုင်း အစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က မြန်မာနိုင်ငံ လုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးစီမံချက်မူကြမ်းအပေါ် ပညာရေးဝန်ကြီး ဌာနနှင့် ဆက်စပ် ဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် ဆပ်ကော်မတီ ဖွဲ့စည်းရေး၊ စကားဝိုင်းဆွေးနွေးပွဲ၊ စာတမ်းဆွေးနွေးပွဲများ ကျင်းပရေးအတွက် အကြံပြုကြရန်တို့ကို ပြောကြားသည်။
ထို့နောက် ဆက်စပ်ဝန်ကြီးဌာနအသီးသီးမှ အစည်းအဝေးတက်ရောက်လာသူများက ညီလာခံဆွေးနွေးပွဲ ခေါင်းစဉ်များ၊ စာတမ်းဆွေးနွေးပွဲခေါင်းစဉ်များနှင့် ဆပ်ကော်မတီ များအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးအကြံပြုကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်