ရှမ်းရွာသစ် ဧပြီ ၁၉
ကရင်ပြည်နယ် ရှမ်းရွာသစ်မြို့ရှိ ပရေကြေတိုရေတံခွန်သို့ နွေရာသီကာလတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ မိသားစုများ၊ အပေါင်းအဖော် သူငယ်ချင်းများနှင့် စုပေါင်းလာရောက်ပြီး အပန်းဖြေရေကစားသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ပရေကြေတိုရေတံခွန်သည် ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စု၊ ပရေကြေထကျေးရွာကျေးရွာတွင် တည်ရှိပြီး ရှမ်းရွာသစ်မြို့မှ (၃)မိုင်ခန့်ကွာဝေးသော ကျောက်ထပ်(၈)ဆင့်ရှိ တောင်ကုန်း၊ တောင်တန်းများကြားမှ အေးမြကြည်လင်နေသာ ရေများဖြင့် သဘာဝအတိုင်းဖြစ်ပေါ်နေသော ရေတံခွန်တစ်ခု လည်းဖြစ်သည်။ ထို့ပြင် ကရင်ပြည်နယ်အတွင်းရှိ ထင်ရှားသည့် ရေတံခွန်တစ်ခုလည်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့် အဖွဲ့လိုက် နေ့စဉ်လာရောက် အပန်းဖြေရေကစားကြကြောင်း၊ ရေတံခွန်တစ်လျှောက်ရေကူးကြသူများ၊ အရိပ်ရသစ်ပင်အောက်များ၌ အပန်းဖြေအနားယူကြသူများ၊ ဓာတ်ပုံရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ဒေသထွက်ရာသီစာ ဟင်းသီးဟင်းရွက်များ ရောင်းချနေကြသော ဒေသနေပြည်သူများအနေဖြင့် အပိုဝင်ငွေရရှိကြကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ပရေကြေတိုရေတံခွန်သို့ လာရောက်အပန်းဖြေရေကစားသူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်း ဖြေစေရန်နှင့် ရေတံခွန်သန့်ရှင်းသာယာ လှပစေရန်အတွက် တာဝန်ရှိသူများတို့က ရာသီစာဟင်းသီးဟင်းရွက်များ ရောင်းချနေကြသော ဈေးသည်များအား သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့်အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန်နှင့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ ရေကစားကြရန်အတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)