ဧပြီ ၁၉

 

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပတ်ထန်ဟွာပြည်နယ်ရှိ တာခမ်နယ်စပ်ဒေသတွင် ယမန်နေ့က မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် လူရှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အပျက်အစီးများအောက်တွင် လူအများအပြားပျောက်ဆုံးလျက်ရှိကြောင်း  ကယ်ဆယ်ရေးအဖွဲ့ကပြောကြားသည်။

 

အဆိုပါမြေပြိုမှုသည် အာဖဂန်နစ္စတန်နိုင်ငံအနီးရှိ နယ်စပ်ဒေသတွင် မိုးကြိုးပစ်ခဲ့ပြီး မနက် ၃ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်ကယ်ဆယ်ရေးအဖွဲ့ ၁၁၂၂ က သတင်းထောက်များကို ပြောကြားသည်။ မြေပြိုမှုကြောင့် နယ်စပ်ဖြတ်ကျော်ရန်စောင့်ဆိုင်းနေသည့် ဒါဇင်နှင့်ချီရှိသောထရပ်ကားများ ပိတ်မိနေသည်ဟု သိရသည်။

 

မြေပြိုမှုဖြစ်ပွားပြီးနောက် ယာဉ်အများအပြားမီးလောင်သွားကြောင်း အစောပိုင်းထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

 

အနီးနားရှိကယ်ဆယ်ရေးအဖွဲ့အစည်း၏ လူနာတင်ကားသုံးစီးကို ထိုမြေပြိုမှုဖြစ်ပွားရာနေရာသို့ ကနဦးစေလွှတ်ထားကြောင်း  ထပ်လောင်းဖော်ပြထားသည်။ အခြားပြည်နယ်များမှ လူနာတင်ကားများနှင့် မီးသတ်သမားများကိုလည်း ခေါ်ဆိုထားသည်ဟု သိရသည်။

 

ထိုမြေပြိုမှုတွင် ကယ်ဆယ်ရေးလုပ်သား ၆၀ ခန့်ပါဝင်လုပ်ဆောင်ကြပြီး အကျိုးအပဲ့များအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို