နေပြည်တော် ဧပြီ ၁၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီ၏ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၈ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေး စခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော မော်တော်ဆိုင်ကယ် အပိုပစ္စည်း ဖြစ်သည့် DOLPHIN အမျိုးအစား Wheel Rim ၁၃၀ဝ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၁၃၅၅၁) ကို လည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀ဝ၀ဝ၀ဝ)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၁၁၃၅၅၁ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒိုက်ဦးမြို့နယ်၊ ပန်းတောင်းမြို့ နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးမြို့ နယ်၊ ဖြူးမြို့နယ်၊ မင်းလှမြို့နယ်၊ ရွှေတောင်မြို့နယ်၊ ရေတာရှည်မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ သာယာဝတီမြို့နယ်၊ သဲကုန်းမြို့ နယ်၊ အုတ်တွင်းမြို့နယ်နှင့် အုတ်ဖိုမြို့နယ်များအတွင်း တရား မဝင် ကျွန်းသစ် ၂၇ ဒသမ ၆၂၅၆ တန်၊ သစ်မာ ၂၁ ဒသမ ၂၂၂တန်နှင့် အခြားသစ်မျိုးစုံ ၁၁ ဒသမ ၇၄၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃၀၉၂၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ ရွှေဘိုမြို့ အမှတ်(၈)တပ်ထိပ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က လိုင်စင်မဲ့ Nissan X-Trail မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀ဝ၀ဝ၀ဝ၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန အသီးသီး အလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကသာမြို့နယ်နှင့် ရွှေဘိုမြို့နယ် အတွင်း တရားမဝင် ကျွန်းသစ် ၁ ဒသမ ဝ၆၀ တန်၊ အင်ခွဲသားဆိုဒ်စုံ ၂ ဒသမ ၇၂၁ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၆၂၇၀)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၅၇၆၂၇၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဧပြီ ၁၈ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ကိုးမှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၁၉၉၉၀၇၁ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်