နေပြည်တော်   ဧပြီ    ၂၀

 

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင်  နေပြည်တော်ရှိ   ပြန်ကြားရေးဝန်ကြီးဌာန  စုဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့  ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း၊  ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်     ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ   ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်၊  Nebula X Entertainment မှ တာဝန်ရှိသူများ၊  ဆပ်ကော်မတီဥက္ကဋ္ဌများ၊    နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ  တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေး     ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်းက   မကြာမီကျင်းပမည့်  ၂၀၁၉  ခုနှစ်၊  ၂၀၂၀ ပြည့်နှစ်၊  ၂၀၂၂  ခုနှစ်အတွက်   မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  ချီးမြှင့်ပွဲအခမ်းအနားသည် အနုပညာလောက ပြန်လည် ဖွံ့ဖြိုးတိုးတက်လာရေးအတွက်   အရှိန်အဟုန်တစ်ခုဖြစ်ပါကြောင်း၊   အနုပညာလောကအတွက်၊ ပြည်သူလူထုအတွက် အနှစ်သာရရှိပြီး  စိတ်ဝင်စားမှုအရှိဆုံး အခမ်းအနားတစ်ခုလည်း  ဖြစ်ပါကြောင်း၊   သို့ဖြစ်၍  အရေးကြီးသည့်  အခမ်းအနားတစ်ခုဟု  ဆိုချင်ပါကြောင်း၊ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး၊ ထူးချွန်အနုပညာရှင်၊ အတတ်ပညာရှင်များအား ဆုများပေးအပ်ချီးမြှင့်ရေးအတွက်  အနုပညာရှင်များ၏ဆန္ဒကို  နားထောင်ပြီး   အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ထားပါကြောင်း၊ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များအားလုံးက စိတ်တူကိုယ်တူဖြင့်   မပျက်မကွက်   ပူးပေါင်းပါဝင် တက်ရောက်ကြစေလိုပါကြောင်းနှင့်  အခမ်းအနားသို့ တက်ရောက်လာ ကြသည့် အနုပညာရှင်များအနက်မှ ဖက်ရှင်ဆု ရွေးချယ်ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ဦးရဲတင့်က  ဆွေးနွေးပြောကြားပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူးက မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားအတွက်  ဆောင်ရွက်မည့်   အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍   Nebula  X Entertainment Co.,Ltd မှ Art Director   က  မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့် စင်မြင့်တွင်  စိတ်ကူးပုံဖော်ဖန်တီးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်လင်းတင်ပြသည်။

 

ထို့နောက်  နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်  ဦးမောင်မောင်၊  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ  ဦးကြည်စိုးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်   ဦးခိုင်ထွန်းဦး၊  မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ   ဦးလွင်မြင့်နှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌများ၊ တက်ရောက်လာကြသူများက  ပါဝင်တင်ဆက်သွားမည့် အစီအစဉ်များ၊   တေးသီချင်းများအပါအဝင်   မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား  အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ 

 

ထို့နောက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးတင်ပြချက်များ အပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။

 

 

လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီးတွင်   ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဒုတိယမြို့တော်ဝန်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများ၊  အစည်းအဝေးတက်ရောက် လာကြသူများသည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည့် နေပြည်တော် မြို့တော်ခန်းမအနီးရှိ  လဟာပြင်ကဇာတ်ရုံသို့ သွားရောက်ပြီး ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့် စင်မြင့်တည်ဆောက်ပြီးစီးမှု အခြေအနေ၊ မီဒီယာဇုန်နှင့် ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာ၊ မုခ်ဦးများ တည်ဆောက်နေမှု၊ မီးအလှဆင်ခြင်း၊ LED တပ်ဆင်ခြင်း၊ အသံစနစ် တပ်ဆင်ခြင်းများအတွက် ပြင်ဆင်ထားရှိမှု၊ ပွဲခင်းထိုင်ခုံများ၊   ဖျော်ဖြေရေးစင်မြင့်များ၊  အုပ်ချုပ်မှု ဆိုင်ရာနေရာများ   ပြင်ဆင်နေမှုတို့ကို   ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်