နေပြည်တော်၊ ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ရှာဖွေစစ်ဆေးရေး စခန်းအား ရှောင်ကွင်း သယ်ဆောင်သည့် ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်းအား ရှောင်ကွင်း၍ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၉ ရက် နံနက် ၉ နာရီခွဲတွင် သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာမှ တောင်ဂွကျေးရွာသွားလမ်းတွင် ဝေဠုသုတ မောင်းနှင်ပြီး သူရအောင် လိုက်ပါလာသည့် NISSAN CABSTAR မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်တွင် ပုလင်းခွံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၁၈ သန်း၊ ကက်တမင်း ၁၀ ကီလိုနှင့် စိတ်ပြောင်းဆေးဝါး (Happy water) ၄ ဒသမ ၁၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်၊
ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (တောင်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တာဝန်သိပြည်သူများ ပူးပေါင်း ဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်