ဝါရှင်တန်၊ ဧပြီ ၂၄
အမေရိကန်နိုင်ငံ၌ အိုမီခရွန်ဗိုင်းရပ်စ်အမျိုး အစားသစ်တစ်မျိုး ကူးစက်ပျံ့နှံ့လျက်ရှိပြီး လွန်ခဲ့ သော ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအားလုံး၏ ၁၀ ရာခိုင်နှုန်း နီးပါးသည် အဆိုပါဗိုင်းရပ်စ်အမျိုးအစား ကူးစက်ခံထားရကြောင်း အမေရိကန် ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာက ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။
“Arcturus” ဟုရည်ညွှန်းခေါ်ဆိုသည့် အဆိုပါ XBB.1.16 ဗိုင်းရပ်စ်ကို ကူးစက်မှု အလွန်လျင်မြန်သည့် ဗိုင်းရပ်စ်အမျိုးအစားစာရင်းတွင် ထည့်သွင်းထားကြောင်းလည်း အမေရိကန်ရောဂါကာကွယ်ထိန်းချုပ် ရေးစင်တာကဆိုသည်။
ထို့ပြင် လာမည့်ရက်သတ္တပတ်များတွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် မြင့်တက်လာနိုင်ကြောင်းနှင့် အဆိုပါဗိုင်းရပ်စ်သည် အမေရိကန်နိုင်ငံအတွင်း စောင့်ကြည့်ရန် လိုအပ်သည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက သတိပေးပြောကြားသည်။
လက်ရှိတွင် ကူးစက်မှုမြန်ဆန်သည့် အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ် XBB.1.5 သည် နိုင်ငံအတွင်း ဆက်လက်ကူးစက်ပျံ့နှံ့လျက်ရှိသည်။ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူအားလုံး၏ ၇၃ ဒသမ ၆ ရာခိုင်နှုန်းသည် အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ် XBB.1.5 ကူးစက်မှုများဖြစ်ကြောင်း အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ၏ အချက်အလက်များအရ သိရသည်။
အလားတူ အိန္ဒိယနိုင်ငံ၌လည်း XBB.1.16 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် အိန္ဒိယနိုင်ငံ၌ လတ်တလော ကူးစက်ပျံ့နှံ့လျက်ရှိသည့် XBB.1.16 ဗိုင်းရပ်စ်ကူးစက်မှုကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်