ဧပြီ ၂၄

 

ကမ္ဘောဒီးယားနိုင်ငံတွင် လွန်ခဲ့သော ၁၁ နှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုသိသိသာသာကျဆင်းလာကြောင်း ဝန်ကြီးချုပ် ဆမ်ဒက်တီချိုဟွန်ဆန်က ပြောကြားသည်။

 

ယနေ့ကျင်းပသော အမျိုးသားငှက်ဖျားရောဂါနေ့အထိမ်းအမှတ်သဝဏ်လွှာတစ်စောင်တွင် ဟွန်ဆန်က ၂၀၂၂ ခုနှစ်က နိုင်ငံအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၄၁ ဦးရှိကြောင်းနှင့် ၂၀၁၁ ခုနှစ်မတိုင်မီနှစ်က ထိုရောဂါဖြစ်ပွားသူ ၁၁၀၀၀၀ ကျော်နှင့် ယင်းရောဂါဖြင့်သေဆုံးသူ ၅၀၀ ကျော်ရှိရာမှ အများအပြားလျော့ကျလာခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

 

၂၀၁၈ ခုနှစ်နောက်ပိုင်းမှယနေ့အထိ ငှက်ဖျားရောဂါဖြင့် သေဆုံးသူမရှိကြောင်း ၎င်းက ပြောကြားသည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံအတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု လုံးဝကင်းစင်မည်ဟု အစိုးရက ကတိပြုပြောကြားသည်။

 

ကပ်ပါးကောင်၊ ပိုးမွှားနှင့် ငှက်ဖျားရောဂါကာကွယ်ရေး အမျိုးသားစင်တာ၏ညွှန်ကြားရေးမှူး ဟူရီကိုလ်က ငှက်ဖျားရောဂါနှင့်ပတ်သက်ပြီး ပြည်သူများ၏နားလည်သဘောပေါက်မှု၊ သတိထားစောင့်ကြည်မှု၊ ဆေးစိမ်ခြင်ထောင်များ၊ ငှက်ဖျားကာကွယ်ဆေးများနှင့် ငှက်ဖျားရောဂါစမ်းသပ်စစ်ဆေးသည့် ကိရိယာကဲ့သို့သောပစ္စည်းကိရိယာ အလုံအလောက်ရှိမှု တို့ကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှု သိသိသာသာကျဆင်းလာခြင်းဖြစ်သည်ဟု ဆိုသည်။

 

ငှက်ဖျားရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်သောရောဂါဖြစ်ပြီး မိုးရာသီ၊ သစ်တောများနှင့်တောင်တန်းဒေသများတွင် ထိုရောဂါဖြစ်ပွားမှုများကို မကြာခဏတွေ့ရှိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို