နေပြည်တော်၊ ဧပြီ ၂၄
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ သား၊ သမီးများအား ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်၊ စာရိတ္တကောင်းမွန်ပြီး ထူးချွန်ထက်မြက်သူများ ဖြစ်လာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီ တွင် နေပြည်တော် ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်ဇနီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်ဇနီး ၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ ၊ ဌာနကြီးမှူးများ၊ တာဝန်ရှိသူ များ၊ ရန်အောင်မြင်ကျောင်းတိုက် ယဉ်ကျေးလိမ္မာ ဓမ္မစာပေ သင်တန်းမှ သင်တန်းနည်းပြ ဆရာ / ဆရာမများ၊ ဝန်ထမ်းမိသားစုဝင်များ၏ သား/သမီးများ ဖြစ်သည့် သင်တန်းသား / သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဝန်ထမ်းသား/ သမီးများကို ယခုလို သင်တန်းဖွင့်လှစ်ပေးခြင်းကြောင့် ဗုဒ္ဓ၏ အဆုံးအမဖြင့် လွှမ်းခြုံကာ ယဉ်ကျေးသော မြန်မာ့လူ့ အဖွဲ့ အစည်း၏ သိမ်မွေ့သော လူနေမှုပုံစံများ ပျောက်ပျက်မသွားစေရန်အတွက် စာရိတ္တပညာရပ်၊ ပြည်သူ့နီတိ ပညာရပ်များကို အလေးထား သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း။
တိုင်းပြည်အနာဂတ်၏ Human Resource ဖြစ်သည့် မျိုးဆက်သစ် လူငယ်မောင်မယ်လေးများကို လက်ဆင့်ကမ်း အမွေအနှစ်ပေးနိုင်ရန် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းကို ဖွင့်လှစ် ပေးလျက်ရှိကြောင်း၊ ဗုဒ္ဓဘာသာဝင် လူငယ်မောင်မယ်များအနေဖြင့် မိမိယဉ်ကျေးမှုထက် တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးပြီး အတုယူလမ်းမှား မလိုက်မိစေရန်လိုအပ်ပါကြောင်း၊ ခေတ်ပညာတတ် လူငယ်များဖြစ်သည့်အတွက် အမျိုးသားရေး စိတ်ဓါတ်ကို အခြေခံပြီး ကိုယ်ပိုင် ယဉ်ကျေးမှု မပပျောက်စေရေး ထိန်းသိမ်းစောင့်ရှောက်ရန် အထူးမှာကြားလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နာက် နေပြည်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် က သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများ ပို့ချပေးသည့် ဗုဒ္ဓဘာသာခြေခံ ယဉ်ကျေးလိမ္မာသင်ခန်းစာများကို စနစ်တကျ လေ့လာသင်ယူပြီး အမျိုးဘာသာ၊ သာသနာ ကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးသောလူ့ဘောင် အဖွဲ့အစည်းကို တည်ဆောက်နိုင်ပြီး နိုင်ငံနှင့် လူမျိုးအကျိုးကို သယ်ပိုးနိုင်သော နိုင်ငံ့သား ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ရည်မှန်းပြီး ကြိုးစားသင်ယူ လေ့လာဆည်းပူးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်ဇနီး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်နှင့် ဇနီးတို့က သင်တန်းသားများကို ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်ရိုးညွှန်းတမ်း စာအုပ် (၇)မျိုး၊ ဗလာစာအုပ်နှင့် ရောင်စုံခဲတံများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် သင်တန်းနည်းပြ ဆရာမကြီးက ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ် ရခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်