ပေါက်ပေါက်
ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသသုတေသနသတင်းများ ထုတ်ပေးနေသည့် Ogimet.com၏ စစ်တမ်းအရ ဧပြီလ ၂၀ ရက်နေ့က ကမ္ဘာ့ အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ ချောက်မြို့နယ်နှင့် ညောင်ဦးမြို့ နယ်တို့က အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ဖြင့် ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့နယ်များဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၁ ရက်နေ့တွင်လည်း ထူးခြားသည့်နေ့အပူချိန်များအဖြစ် အောက်ပါအတိုင်း တွေ့ရှိရသည်။
ချောက်မြို့ ၄၆ ဒီဂရီစင်တီဂရိတ်၊
မြင်းမူမြို့ ၄၄ ဒီဂရီစင်တီဂရိတ်၊
မြင်းခြံမြို့ ၄၄ ဒီဂရီစင်တီဂရိတ်၊
ညောင်ဦးမြို့ ၄၄ ဒီဂရီစင်တီဂရိတ်၊
တံတားဦးမြို့(လေကြောင်းမိုးလေဝသ) ၄၄ ဒီဂရီစင်တီဂရိတ်၊
နွေရာသီတွင် အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်များ မြင့်တက်လျက်ရှိသည်။ အပူချိန် မြင့်တက်နေမှုက မိုးမကျမချင်း ပူနေဦးမည်ဖြစ်ကာ အပူချိန်ကို ဇွန်လလယ်အထိ သတိထားနေရဦးမည် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များကို သတိပေးလျက်ရှိသည်။
၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့အပူချိန် စံချိန်တင် မြင့်တက်လာနိုင်ဖွယ်ရှိ
ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် ဥရောပသမဂ္ဂအဖွဲ့အစည်း လက်အောက်ခံ ကိုပါနီကပ်ရာသီဥတု ပြောင်းလဲမှု ဦးစီးဌာန (CCCS) မှ သုတေသီများက ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်ပြီး သုတေသန လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အဆိုပါသုတေသီ များ၏ရလဒ်များအရ အယ်လ်နီညို ရာသီဥတုဖောက်ပြန်မှုကြောင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အပူချိန်စံချိန်တင်မြင့်တက်မှုပြဿနာဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။
အယ်လ်နီညိုရာသီဥတုသည် ယခုနှစ်နွေရာသီတွင် စတင်ဖြစ်ပေါ်လာနိုင်ပြီး သမုဒ္ဒရာ ရေမျက်နှာပြင်များလည်း အပူချိန်မြင့်တက်လာဖွယ်ရှိကြောင်းနှင့် အယ်လ်နီညိုရာသီဥတုသည် နွေရာသီအတွင်း ဖြစ်ပေါ်လာပြီးပါက နှစ်ကုန်ပိုင်းအထိ ဖြစ်ပေါ်နိုင်သလို နှစ်ကုန်ပိုင်းတွင်လည်း ယင်းရာသီဥတုအခြေအနေမှာ ဆိုးရွားလာနိုင်ကြောင်း CCCS မှ သုတေသီများက သုတေသန ရလဒ်နှင့်တကွ အခိုင်အမာပြောဆိုထား သည်။
အပူချိန်မြင့်မားမှုအန္တရာယ်
ကျန်းမာသုတတစ်ရပ်အနေဖြင့် အသိပေးမျှဝေရပါလျှင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်သည် အန္တရာယ်ရှိနေပြီး ၄၀ ကျော်လျှင် အလွန်အန္တရာယ်ကြီးမားနေပြီဖြစ်သည်။ အပူချိန် ၄၀ မကျော်သော်လည်း ၄၀ ပတ်ဝန်းကျင်တွင် ရက်များကြာလာပါက အန္တရာယ်ကြီးမားနေပြီး ယင်းကို Heat Stroke ဟုခေါ်သည်။ ထိုကဲ့သို့ အပူချိန်မြင့်တက်နေချိန် တွင် အသက်အရွယ်ကြီးရင့်သူများ၊ ကလေးသူငယ်များ၊ နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များက ပို၍သတိထားနေထိုင် သင့်သည်။ ထို့ပြင် သက်လတ်ပိုင်းအရွယ်များတွင်လည်း အနေအထိုင်၊ အစားအသောက် မှားသွားပါက Heat Stroke ဖြစ်ပေါ်ခံစားရနိုင်သဖြင့် မပေါ့ဆသင့်ပေ။
လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်သည် ပျမ်းမျှ ၉၈ ဒသမ ၆ ဒီဂရီဖြစ်ပြီး ရာသီဥတုပေါ်မူတည်၍ ယင်းပမာဏထက် အပူချိန်အတက်အကျ အနည်းငယ်ပြောင်းလဲတတ်သည်။ ခန္ဓာ ကိုယ်တွင်းအပူချိန်က သူ့အလိုလိုအေးသွားခြင်းမျိုးမရှိတတ်ပေ။ လိုအပ်သည်ထက် အပူချိန်များနေပါက ပိန်ချုံးလာခြင်း၊ ကြွက်တက် ခြင်း၊ လျှာနှင့် နှုတ်ခမ်းသာမက အရေပြားပေါ်တွင် အဖုအပိမ့်များ ထွက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်း စသည်တို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာများ အထူးသဖြင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။
အပူငြိမ်းစေမည့် အအေးစာများ
အပူငြိမ်းအေးစေရန်အတွက် အဓိကဆေးမှာ ရေဝဝသောက်၍ တစ်နေ့လျှင် ရေနှစ်ကြိမ် ချိုးပေးခြင်းဖြစ်သည်။ အောက်ဖော်ပြပါ အစားအစာများက ခန္ဓာကိုယ်တွင်း အပူငြိမ်းအေးစေသဖြင့် ယခုလို နေ့အပူချိန်များသောကာလတွင် မဖြစ်မနေစားပေးသင့်သည်။
လူ့ခန္ဓာကိုယ်၏ သုံးပုံ နှစ်ပုံကို အရည်ဓာတ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ဖရဲသီးတစ်လုံးတွင် ရေဓာတ် ၉၂ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသဖြင့် ရင်ကိုအေးမြစေသည်။ ရေဓာတ်ကြွယ်ဝသောဖရဲသီးကို စားခြင်းဖြင့် ရေငတ်ပြေစေပြီး ခန္ဓာကိုယ်တွင်းရှိ အပူချိန်ကိုလျှော့ချပေးနိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်ထဲရှိ ဆုံးရှုံးသွားသောအရည်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးကာ လူကို လန်းဆန်းအမောပြေလာစေသည်။
ကြံရည်သောက်ပါ။ နေပူလောင်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများအတွက် ကြံရည်က ခန္ဓာကိုယ်ကို အချိန်တိုတွင်းမှာပင် ရေဓာတ်ဖြည့်ပေးနိုင်သည်။ ကျောက်ကပ်ကို အားပေးပြီး ပူပြင်းသော ရာသီ၌ ဆီးချုပ်၊ ဆီးအောင့်ခြင်းမှ ကာကွယ်ပေးသည်။ အပူလျှပ် ခြင်းခံစားနေရသူများအတွက် ကြံရည်က ကိုယ်တွင်းအပူငြိမ်း စေပြီး ပရိုတင်းအားဖြည့်ဓာတ်စာအဖြစ် အာနိသင်ထက်မြက် သည်။ ထို့ကြောင့် နွေပူပူ ရင်ပူပူတွင် အပူငြိမ်း၊ သည်းခြေအေးစေမည့် ကြံရည်ကို သဘာဝ၏အာဟာရအဖြစ် သောက်သုံးပေးသင့်သည်။ ကျန်းမာရေးအတွက် ကြံရည်သောက်ရန် အသင့်တော်ဆုံးအချိန်မှာ နေ့လယ်ဖြစ်သည်။
သခွားသီးမှာ ရေဓာတ်ကြွယ်ဝစွာပါရှိ၍ ခန္ဓာကိုယ်ကို ထိထိရောက်ရောက်အေးမြစေသည်။ ထို့ကြောင့် ငွေကြေးအားဖြင့် တန်ဖိုးနည်းသော်လည်း အာဟာရတန်ဖိုးများလှသည့် သခွားသီးများကို နေ့စဉ်စားပေးသင့်သည်။
ပူစီနံရွက်က ခန္ဓာကိုယ်အတွင်းပိုင်းကို အေးမြစေသဖြင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာအို စသည့်အာရှတိုက်တစ်ခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူစီနံပင်များကို အပူငြိမ်း ဆေးအဖြစ် ဆေးဝါးဖော်စပ်လာကြသည်။
မုန်လာဥအဖြူစားပါ။ အဖြူရောင်မုန်လာဥများတွင် ဗီတာမင်စီပါရှိနေသည့်အပြင် ကိုယ်တွင်းအပူချိန်ကို တိုက်ထုတ်ပေးနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း အလုံအလောက် ပါရှိသည်။ ထို့ကြောင့် “heat stroke” ကို တိုက်ထုတ်ပေးနိုင် သော မုန်လာဥအဖြူကို မဖြစ်မနေစားပေးသင့်သည်။
နှမ်းစေ့များက အပူငြိမ်းအေးစေသော အိမ်တွင်းဆေးဝါး တစ်မျိုးဖြစ်သည်။ နှမ်းစားပြီးနောက် ရေများများသောက်ပါ။ ထန်းလျက်ဖြင့် ယိုထိုးထားသော နှမ်းပျစ်၊ နှမ်းယိုများကလည်း အပူငြိမ်းအေးစေရန် အထောက်အပံ့ပေးနိုင်သည်။
စမုံစပါးအစေ့များကို သောက်ရေခွက်ထဲ တစ်ညဉ့်သိပ်စိမ်ပါ။ နံနက်အိပ်ရာထ ရေသောက်ရင်း ယင်းအဖတ်များကိုပါ ကုန်အောင် ဝါးစားပေးပါ။ တစ်နေ့တာလုံး အပူငြိမ်းအေးစေနိုင်သည့်အပြင် ခံတွင်းရနံ့ကိုပါ ရှင်းသန့်စေသည်။
အုန်းစိမ်းရည်သောက်ပါ။ အုန်းသီးစိမ်းနုနုမှရသော အုန်းစိမ်းရည် က ခန္ဓာကိုယ်တွင်းအပူငြိမ်းစေသော သဘာဝဆေးကောင်း တစ်လက်ဖြစ်သည်။ ကိုယ်တွင်းအပူဓာတ်များသူများနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ မဖြစ်မနေမှီဝဲသင့်သည်။ ရေဓာတ်ခန်းခြောက်ခြင်းမှလည်း အထူးကာကွယ် ပေးနိုင်သည်။
သလဲသီးနှင့် သလဲသီးဖျော်ရည်က ခန္ဓာကိုယ်ကို အေးမြစေပြီး ကိုယ်တွင်းအပူများကို သူ့အလိုလို စုပ်ယူပစ်နိုင်သည်။ ယခုလို ပူလွန်းသောကာလများတွင် သလဲသီးက နေ့စဉ်စားသုံး သင့်သော သီးနှံတစ်ခုဖြစ်သည်။
ဘိန်းမုန့်၊ ဆနွင်းမကင်း စသည့်သရေစာမုန့်များတွင် အသုံးပြုလေ့ရှိသော ဘိန်းစေ့များက ကိုယ်ပူချိန်ကို ပုံမှန်ဖြစ်အောင် အထောက်အပံ့ပေးသည်။ ညအိပ်ရာဝင်ခါနီး ဘိန်းစေ့ လက်တစ်ဆုပ်စာ ဝါးစားပြီး ရေသောက်အိပ်ပါက နှစ်ခြိုက်စွာ အိပ်မောကျစေသည့်အပြင် နံနက်အိပ်ရာထလျှင် တစ်နေ့တာလုံး အပူငြိမ်းအေးစေသည်။
ပဲနံ့သာပင်အစေ့ မှီဝဲပါ။ ရှေးရှေးမှစ၍ ယနေ့ထိတိုင် အိန္ဒိယနိုင်ငံတွင် အပူငြိမ်းဆေးတိုင်းရင်းကုထုံးဖြင့် ပဲနံ့သာပင်အစေ့များကို အသုံးပြုလျက်ရှိသည်။ (ပဲနံ့သာပင်အစေ့များကို အိန္ဒိယ ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်)
နွားနို့သောက်ပါ။ ကိုယ်တွင်းအပူငြိမ်းလိုသူများ ကျိုချက်ပြီး နွားနို့ကို အအေးခံ၍ နံနက်တိုင်း သောက်ပေးပါ သို့မဟုတ် နွားနို့ကို ပျားရည်အနည်းငယ်ခတ်၍ သောက်နိုင်သည်။ (ရေခဲဖြင့် အအေးခံထားသော နို့အေးကို မဆိုလိုပါ)
သံပုရာရည်သောက်ပါ။ နံနက်အိပ်ရာထ သံပုရာရည်တစ်ခွက် သောက်ခြင်းကလည်း ကိုယ်တွင်း အပူငြိမ်းအေးစေရုံမျှမက အနေအထိုင်ပေါ့ပါးလန်းဆန်းလာပြီး တစ်နေ့တာလုံး သက်လုံ ကောင်းစေသည်။
ဘူးသီး၊ သခွားမွှေး၊ ကြက်ဟင်းခါးသီး၊ ပန်းငရုတ်ပွ၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ နာနတ်သီး၊ စပျစ်သီး၊ ပန်းသီး၊ သင်္ဘောသီး၊ ဒိန်ချဉ်၊ ထန်းရည်ချို၊ ဆီးသီး၊ ဆီးယို၊ ငှက်ပျောသီးမှည့်၊ စတော်ဘယ်ရီ၊ မုန်လာဥနီ၊ အစိမ်းရောင် ပဲသီးအမျိုးမျိုး၊ ကြက်သွန်နီ စသည်တို့ကလည်း ကိုယ်တွင်းအပူချိန်ကို လျှော့ချပေးနိုင်သည်။
သတိရှိရန်
နေပူပူထဲ အချိန်ကြာမြင့်စွာသွားလာပြီးနောက် ရေခဲရေများ၊ ရေနွေးပူ၊ စွပ်ပြုတ် စသည့်အရည်ပူပူများ၊ ငရုတ်သီး၊ ချင်း၊ မျှစ်ချဉ်၊ ငရုတ်ကောင်း၊ ပတဲကော စသည့်အပူအစပ်များ စားသောက်ခြင်း၊ ရေ (အရည်) သောက်သုံးမှုပမာဏ လွန်စွာနည်းပါးခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ်တွင်းအပူချိန် မြင့်တက်လာစေသည်။
အချုပ်အားဖြင့်ဆိုသော် ခန္ဓာကိုယ်တွင်း အပူလျော့စေရန်အတွက် အထက်ဖော်ပြပါ အစားအသောက်များကို ဦးစားပေး ရွေးချယ်စားသုံးရင်း အရောင်ဖျော့ဖျော့ ချည်သား အဝတ်အထည်ပွပွများကို ဝတ်ဆင်ရပါမည်။ မဖြစ်မနေ အိမ်ပြင်ထွက်သွားလာရပါက ခရမ်းလွန် ရောင်ခြည်အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် UV ပါသည့် အရောင်ရင့်ရင့် ရောင်ပြန်ထီး ဆောင်းရ ပါမည်။ သွားလေရာသို့ သောက်ရေဘူး တစ်ဘူးဆောင်ထားပြီး မကြာခဏ ရေသောက်ရပါမည်။ သနပ်ခါးရေကျဲလိမ်းပါ။ ရာသီဥတုအပူဒဏ်ကို တစ်ပိုင်တစ်နိုင် ကာကွယ်ရန်အတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းမှာ သစ်ပင်စိုက်ပျိုးခြင်းဖြစ်သည်။ သို့ပါ၍ လူတစ်ယောက် တစ်နှစ်လျှင် သစ်ပင်တစ်ပင် အနည်းဆုံးစိုက်သော အစဉ်အလာရှိသင့်ပြီး ကျောင်းနေအရွယ်ကလေး များလည်း ပါဝင်စိုက်ပျိုးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။