ကိုင်ရို၊ ဧပြီ ၂၄
အီဂျစ်နိုင်ငံ အာဏာပိုင်အဖွဲ့အစည်းများသည် အိမ်နီးချင်းဆူဒန်နိုင်ငံ၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အီဂျစ် နိုင်ငံသား ၄၃၆ ဦးအား ဧပြီ ၂၃ ရက်တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
အီဂျစ်နိုင်ငံသားများကို ဆူဒန်နိုင်ငံမှ အာဏာပိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းကာ ကုန်းလမ်းမှတစ်ဆင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
ဆူဒန်နိုင်ငံ၌ အီဂျစ်နိုင်ငံသား ၁၀၀၀၀ နီးပါးရှိပြီး ဆူဒန်နိုင်ငံတွင် ပဋိပက္ခများဖြစ်ပွားပြီးချိန်ကတည်းက အီဂျစ် အဲလေကြောင်းလိုင်းက ဆူဒန်နိုင်ငံ၏ မြို့တော်ခါတွန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပြေးဆွဲလျက်ရှိသောလေယာဉ် ခရီးစဉ်များကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ဆူဒန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ နိုင်ငံအတွင်း တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ဧပြီ ၂၂ ရက်က အနည်းဆုံး ၄၂၄ ဦးသေဆုံးခဲ့ကာ လူပေါင်း ၃၇၃၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်