မန္တလေး ဧပြီ ၂၆
သင်္ကြန်အပြီးကာလ နှစ်သစ်အခါသမယတွင် မန္တလေးပဲဈေးကွက်၌ တရုတ်ပြည်ပို့ကုန် ပဲအမျိုးအစားများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
သင်္ကြန်အပြီးကာလ မန္တလေးပဲဈေးကွက် စတင်ဖွင့်လှစ်သည့်အချိန်တွင် ရောင်းသူ၊ ဝယ်သူများဖြင့် စည်ကားလျက်ရှိပြီး တရုတ်ပြည်ပို့ကုန် ပဲအမျိုးအစားများဖြစ်သည့် ပဲတီစိမ်း၊ မြေထောက်ပဲ၊ မြေပဲလုံးဆန်အဖြူ၊ အနီ၊ နှမ်းဖြူ၊ စမုံနက်နှမ်း စသည့် သီးနှံများသည် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
“သင်္ကြန်အပြီးကာလ မန္တလေးဈေးကွက် စတင်ဖွင့်လှစ်ချိန်မှာပဲ ရောင်းသူဝယ်သူတွေနဲ့ စည်ကားစွာနဲ့ အရောင်းအဝယ်တွေ ဖြစ်နေပါတယ်။ တရုတ်ပြည်ရဲ့ ဝယ်လိုအားတွေကြောင့် အရောင်းအဝယ်တွေ သွက်နေပါတယ်။ မန္တလေးပဲဈေးကွက်မှာ တရုတ်ပို့ကုန်ပဲများ နယ်စုံဒေသက ဝင်ရောက်လာပြီး ရောင်းသူဝယ်သူများနဲ့ နေ့စဉ်အရောင်းအဝယ်တွေ ဖြစ်နေကြပါတယ်။ တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်တွေကလည်း ကိုဗစ်ကာလမှာ သုံးနှစ်ကျော်လောက် ပိတ်ခဲ့တယ်။ ဒီနှစ်မှာ စည်းကမ်းတွေကို ပယ်ဖျက်ပြီး ဖွင့်လှစ်လိုက်တဲ့အတွက် အရောင်းအဝယ်တွေ ပိုမိုကောင်းလာတယ်။ ရောင်းအားဝယ်အား ပမာဏတွေလည်း ပိုမိုမြင့်မားလာတယ်။ ကုန်သွယ်ကားတွေနဲ့ အလုပ်သမားတွေလည်း အလုပ်အကိုင်တွေရရှိပါတယ်" ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် မန္တလေးပဲဈေးကွက်အတွင်း တရုတ်ပြည်ပို့ကုန်များဖြစ်သည့် ပဲတီစိမ်း(ခရမ်းရွှေဝါ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၅၀၀၀၊ ပဲတီစိမ်း(အညာရွှေဝါ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၉၅၀၀၀၊ မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်လျှင်ငွေ ကျပ် ၂၉၀၀၀၀၊ နှမ်းဖြူသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀၀၀၀၊ စမုံနက်နှမ်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ မြေပဲလုံး ဆန်အဖြူ တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀၊ မြေပဲလုံးဆန်အနီ တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ဈေးတို့ဖြင့် အရောင်းအဝယ်သွက်နေကြောင်း၊ အရောင်းသွက်နေသည့် တရုတ်ပြည်ပို့ကုန် သီးနှံများမှာ ပဲတီစိမ်း၊ နှမ်းအဖြူ၊ မြေပဲလုံးဆန်အနီများဖြစ်ကြောင်း၊ ကျန်ပဲများအနေဖြင့် ပုံမှန်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)