ဧပြီ ၂၆

 

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် Rapid Support Forces လက်နက်ကိုင်အဖွဲ့တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ရန် အပစ်အခတ်ရပ်စဲထားမည်ဟု ကတိပြုခဲ့ကြသည်။ 

 

အမေရိကန်နှင့်ဆူဒန်နိုင်ငံတို့၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရန် ၎င်းတို့က သဘောတူညီခဲ့ကြသည်။

 

သို့ရာတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီး နာရီပိုင်းအတွင်း တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်တာဝန်ရှိသူများက ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားသည့် ၁၀ ရက်ကြာအတွင်း  လူ ၄၅၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။ ဆူဒန်နိုင်ငံသား ၂၇၀၀၀၀ ကျော်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ကြကြောင်းနှင့် ထောင်နှင့်ချီသော နိုင်ငံခြားသားများလည်း အစုအပြုံလိုက်ထွက်ခွာသွားကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောကြားသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူများက ဇီဝဗေဒအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည်ဟုလည်း သတိပေးပြောကြားထားသည်။

 

အချို့သောလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ကာလဝမ်း၊ ပိုလီယိုနှင့် အခြားသောရောဂါနမူနာများပါဝင်သော ဓာတ်ခွဲခန်းကိုသိမ်းပိုက်ထားသည်။ ပိုမိုအန္တရာယ်ကြီးမားလာနိုင်သဖြင့် အရပ်သားများ ကြောက်ရွှံ့မှုမြင့်မားလာသည်။

 

အမေရိကန်နိုင်ငံခြားရေးဌာနလက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီဒတ်ပါတယ်က ဆူဒန်ရှိ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် တိုက်ခိုက်နေမှုများ အပြီးတိုင်ရပ်တန့်ရေးအတွက် အစိုးရအဖွဲ့တာဝန်ရှိသူများကတွန်းအားပေး ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

 

အပစ်အခတ်ရပ်စဲခြင်းသည် ဆူဒန်ပြည်သူများ၏ဆန္ဒကို ကိုယ်စားပြုရုံသာမက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရယူခွင့်ရရှိရန် အရေးကြီးသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို