ဧပြီ ၂၆
ပါကစ္စတန်နိုင်ငံတောင်ပိုင်းဆင်းဒ်ပြည်နယ် ဒတ်တာခရိုင်တွင် ယမန်နေ့ညနှောင်းပိုင်းက ထရပ်ကားတစ်စီးနှင့် ဗင်ကားတစ်စီးတို့တိုက်မိခဲ့ရာ လူကိုးဦးထက်မနည်းသေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေးဌာနက သတင်းထောက်များအား ပြောကြားသည်။
ဒတ်တာခရိုင် ချီလီအာဒေသအနီးတွင် ထရပ်ကားတစ်စီးသည် ရှေ့မှလာသောဗင်ကားအားတိုက်မိခဲ့သည်ဟု ထိုပြည်နယ်အရေးပေါ်နှင့်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့က ဆိုသည်။
အမြန်လမ်းပေါ်တွင် သတ်မှတ်နှုန်းထက်ကျော်လွန်မောင်းနှင်လာသောထရပ်ကားသည် လူကိုးဦးလိုက်ပါလာသော ဗင်ကားကိုတိုက်မိခဲ့ပြီးနောက် ထိုနေရာမှာပင် ဗင်ကားပေါ်ပါသူအားလုံးသေဆုံးသွားခဲ့သည်။
ရဲတပ်ဖွဲ့နှင့်ကယ်ဆယ်ရေးအဖွဲ့များ ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ရောက်ရှိလာပြီး အလောင်းများကို အနီးနားရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ထိုယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူများသည် ခရိုင်ရှိ ကီဂျေဟာရေကန်တွင် ပျော်ပွဲစားထွက်ခဲ့ပြီးနောက် ကရာချီဆိပ်ကမ်းမြို့ရှိ ၎င်းတို့၏နေအိမ်သို့အပြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားကာ သေဆုံးခဲ့ကြသူများဖြစ်သည်။
ရဲတပ်ဖွဲ့က ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသည့် ထရပ်ကားမောင်းသမားအား အမှုဖွင့်အရေးယူထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို